ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို သတ်ဖြတ်မှုအတွက် အီရန်အာဏာပိုင်တွေကို အမေရိကန်သမ္မတ ထရမ့်က သတိပေးလိုက်ပြီး အမေရိကန်က "လာကယ်မယ် " လို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်က "မောင်းတင်ပြီး အသင့် စောင့်နေကြောင်း "လူမှုကွန်ရက်မှာ ထရမ့်က ပြောကြားခဲ့ပေမယ့် အသေးစိတ်ကို ပြောမသွားပါဘူး။
အမေရိကန် စွက်ဖက်မှုကြောင့် ဒေသတွင်းမှာ ကသောင်းကနင်း ဖြစ်ကုန်မှာကို မစ္စတာ ထရမ့် သိသင့်တယ် ဆိုပြီး အီရန် ဘာသာရေး ခေါင်းဆောင်ကြီး အလီ ခါမေနီရဲ့ အကြီးတန်းအကြံပေးတယောက်က တုံ့ပြန်ခဲ့ပါတယ်။
အီရန်မှာ စီးပွားရေး အခြေအနေ ဆိုးလာလို့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၆ ရက် ရှိနေပါပြီ။
တပတ်နီးပါးဖြစ်နေတဲ့ ဆန္ဒပြပွဲကြီးတွေအတွင်း အနည်းဆုံး ၈ ယောက် သတ်ဖြတ်ခံရကြောင်း သိရပါတယ်။
"အီရန်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုပ်နေကျအတိုင်း အကြမ်းပတမ်း ပစ်ခတ် သတ်ဖြတ်ရင် အမေရိကန်က လာပြီး ကယ်တင်မယ် " ဆိုပြီး သောကြာနေ့က Truth Social ဝက်ဆိုက်မှာ သမ္မတထရမ့်က ရေးသားခဲ့ပါတယ်။
အမေရိကန်စွက်ဖက်မှုကြောင့် ဒေသတွင်းမှာ မတည်မငြိမ် ဖြစ်ပြီး အမေရိကန် အကျိုးစီးပွားတွေကို ထိခိုက်လိမ့်မယ်ဆိုပြီး ခါမေနီရဲ့ အကြံပေး အလီ လယ်ရီဂျာနီက ချက်ချင်း တုံ့ပြန် သတိပေးလိုက်ပါတယ်။
အမေရိကန်က အီရန်အာဏာပိုင်တွေအပေါ် ဘယ်လိုအရေးယူလာနိုင်သလဲ ဆိုတာကိုတော့ အမေရိကန်သမ္မတက ရှင်းရှင်းလင်းလင်း ရေးမသွားပါဘူး။