HOME

Sunday, December 1, 2013

အီရန်နျူကလီးယားပိုင်သွားလျှင် ဂျော့ခ်ျ၊ ဒဗလျူ၊ ဘုရှ်ကို အပြစ်တင်လိုက်ပါ...!

အီရန်နျူကလီးယားပိုင်သွားလျှင် ဂျော့ခ်ျ၊ ဒဗလျူ၊ ဘုရှ်ကို အပြစ်တင်လိုက်ပါ

Photo
အမေရိကန်နှင့် အီရန်ညှိနှိုင်းရေးမှူးများသည် ယမန်နေ့ကစ၍ အီရန်နျူကလီးယားအစီအစဉ်အပေါ် သဘောတူညီမှုရရှိရန် ဂျီနီဗာမြို့တွင် ဒုတိယအကျော့ ဆွေးနွေးပွဲများ လုပ်နေကြသည်။

ထိုကဲ့သို့သော သဘောတူညီချက်သာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါက အီရန်အတွက် အောင်ပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ၏ ရှုံးနိမ့်မှုဖြစ်ပါလိ့မ်မည်။ ယင်းတွင် အီရန်နိုင်ငံသားများသည် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ဆက်လက်ထားရှိပြီး ယူရေနီယမ်သန့်စင်မှု ဆက်လုပ်ပါလိမ့်မည်။ ထိုအတောအတွင်းမှာပင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အီရန်အပေါ် စီးပွားရေးအရ စီးနင်းမှုကို လျှော့ပေးပြီး အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီက သူထင်သလိုအုပ်ချုပ်သော အစိုးရကို ဆက်ထိန်းကျောင်းနိုင်ရေး လိုအပ်သော စီးပွားရေးအောက်ဆီဂျင်ကို ရရှိသွားစေပါမည်။
မှန်ပါသည်။ အီရန်၏နျူကလီးယားဗုံးထုတ်လုပ်ရေးကို နှေးကွေးသွားစေပါလိမ့်မည်။ သို့သော် သဘောတူညီမှုတစ်ရပ်ဆိုသည်မှာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် နောက်ဆုံးစည်းကျော်ဖြတ်ရေး အာမခံရှိနေစေပါမည်။ ဂျီနီဗာမြို့ စိတ်အခံမှာ ဒုတိယကမ္ဘာစစ်မတိုင်မီ ဂျာမနီမြူးနစ်မြို့ စိတ်အခံနှင့် ဆင်တူပါသည်။ “ငါတို့လက်ထက် နျူကလီးယားပိုင် အီရန်အတွက် လမ်းခင်းပေးရင်း ငါတို့လက်ထက် ငြိမ်းချမ်းရေး”ဆိုသော ပုံရိပ်အတုအယောင် ဖြစ်ပေါ်လာစေပါလိမ့်မည်။
သို့သော်လည်း သည်အတွက် သမ္မတအိုဘားမားကို အပြစ်မတင်ပါနှင့်။ အမေရိကန်၏ရှုံးနိမ့်မှုက ၎င်းသမ္မတမဖြစ်မီ ကြာမြင့်သောအချိန်ကပင် စတင်အသက်ဝင်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတသုံးဦး၊ အစ္စရေးဝန်ကြီးချုပ်လေးဦးနှင့် ဥရောပခေါင်းဆောင်တစ်ဒါဇင်ခန့်က ဘယ်တော့မှဖြစ်လာမှာမဟုတ်ဟု ကြုံးဝါးခဲ့ကြသောကိစ္စ အမှန်တကယ်ပင် ဖြစ်ပေါ်လာနေပါသည်။ မဖြစ်သင့်ခဲ့သောအရာမှာ အစစ်အမှန်ဖြစ်လာပါတော့မည်။ အီရန်လက်သို့ နျူကလီးယားဗုံး ရောက်လုနေပါပြီ။
အဘယ်ကြောင့်များ အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရင်းအမြစ်များကို အသုံးချ၍ အီရန်အား နျူကလီးယားရည်ရွယ်ချက်စွန့်လွှတ်ရေး အချိန်မီမလုပ်ဆောင်နိုင်ခဲ့ကြပါသနည်း။ အဖြေမှာ စာလုံးပေါင်းအမှားဟု ဆိုချင်ဆိုနိုင်ပါသည်။
၉/၁၁ တိုက်ခိုက်ခံရမှုဖြစ်ပေါ်ပြီးနောက် အမေရိကန်ပြည်ထောင်စုက တန်ပြန်တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ အကြမ်းဖက်သမားများ၏ လွတ်မြောက်နယ်မြေကို ဖျက်ဆီးပစ်ပြီး သူ၏အင်အားကြီးမှုကို ပြသလိုခဲ့သည်။ ဤအရာများအားလုံးကို လုပ်ဆောင်ရန် ဂျော့ခ်ျ၊ ဒဗလျူ၊ ဘုရှ်က အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့ကို ရွေးချယ်ခဲ့သည်။ အာဖဂန်နစ္စတန်မှာ မှားယွင်းမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် နားလည်ခွင့်လွှတ်ပေးနိုင်စရာဖြစ်သည်။ အကြောင်းမှာ အယ်လ်ကိုင်ဒါအဖွဲ့မှာ တာလီဘန်တို့၏ ထောက်ခံမှုရရှိထားပြီး တာလီဘန်တို့ ထိန်းချုပ်ထားသော ဒေသတွင် ခိုလှုံခွင့်ရရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း အီရတ်ကိုကျူးကျော်ခြင်းမှာ မည်သို့မျှ စဉ်းစားတွေးခေါ်ယူ၍မရသော အမှားဖြစ်သည်။ ၂၀၀၁ စက်တင်ဘာတွင် နယူးယောက်နှင့် ၀ါရှင်တန်ကို တိုက်ခိုက်ခဲ့သော အကြမ်းဖက်သမား ၁၉ ဦးနှင့် ဆက်ဒမ်ဟူစိန်ကြား ဆက်စပ်မှုမရှိခဲ့၍ဖြစ်သည်။
အကယ်၍များသာ မစ္စတာဘုရှ်က လွန်ခဲ့သော ၁၀ နှစ်က အီရတ်အပေါ် စစ်ပွဲဆင်နွှဲမည့်အစား အီရန်အပေါ် သံတမန်ရေးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး အမေရိကန်၏ ခေါင်းဆောင်မှုနှင့်
အင်အားကိုပြသရန် ဆုံးဖြတ်ခဲ့လျှင် ယနေ့ချိန်ခါတွင် အမေရိကန်နိုင်ငံ၏ နိုင်ငံတကာရပ်တည်ချက်မှာ ပိုမိုကြီးကျယ်နေပါလိမ့်မည်။
အီရန်ထက် အီရတ်ကို ကိုင်တွယ်ရန် ဘုရှ်အစိုးရ၏ ဆုံးဖြတ်ချက်မှာ အကြီးအကျယ်ထိခိုက်ခဲ့ပြီး ရေရှည်အကျိုးဆက်များမှာ ယခုအချိန်မှပင် ရှင်းလင်းစွာဖြစ်လာခဲ့သည်။ တိတိပပဆိုရလျှင် အီရန်ကို နျူကလီးယားတားဆီးရေး အမေရိကန်၏ ကြေကွဲစရာရှုံးနိမ့်မှုကို နက်ရှိုင်းစွာချို့ယွင်းနေသော သဘောတူညီချက်ကို လက်မှတ်ထိုးရန် အမေရိကန်၏ စိတ်အားထက်သန်နေမှုတွင် ရောင်ပြန်ဟပ်နေခြင်းဖြစ်သည်။
ယခုပေါ်ထွက်လာသော ဘေးအန္တရာယ်အတွက် မစ္စတာဘုရှ်၏ တာဝန်ရှိမှုမှာ နှစ်ထပ်နှစ်လွှာဖြစ်သည်။ လွန်ခဲ့သောဆယ်နှစ်တာ အီရန်ကို ပစ်မှတ်ထားရန် ပျက်ကွက်ခြင်းနှင့် ယနေ့ချိန်ခါတွင် အီရန်ကိုပစ်မှတ်ထားရန် အလွန်ခက်ခဲသွားစေသောပတ်ဝန်းကျင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံအားနည်းနေစဉ် ၎င်းတို့အပေါ် ဘုရှ်အစိုးရက နိုင်ငံရေး၊ စီးပွားရေးစီးနင်းမှု မစတင်ခဲ့သလို အကျိုးမရှိသောစစ်ပွဲတွင် နိုင်ငံ၏စီးပွားရေးနှင့် စစ်ရေးအင်အားကို ဖြုန်းတီးပစ်ပြီး အမေရိကန်နိုင်ငံကို အားနည်းသွားစေခဲ့ခြင်းဖြစ်သည်။ စစ်မှန်သော ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကို ပယ်ရှားရေး အမေရိကန်၏ စိတ်ပိုင်းဖြတ်မှုလိုအပ်ချိန်တွင် ယင်းအတွက် လိုအပ်သော စိတ်ပိုင်းဖြတ်မှုမရှိတော့။ မှားယွင်းခဲ့သောကိစ္စရပ်အပေါ် သုံးစွဲပြီးသားဖြစ်နေသည်။
အီရန်ခြိမ်းခြောက်မှုကို ရင်ဆိုင်ရေး မှန်ကန်သောနည်းလမ်းမှာ ရုရှား၊ အီးယူ၊ ဆွန်နီအာရပ်နိုင်ငံများ၊ အစ္စရေးနှင့် အမေရိကန်နိုင်ငံ အပါအ၀င် ကျယ်ပြန့်သော မဟာမိတ်အဖွဲ့ ထူထောင်ရေးဖြစ်သည်။ ယင်းမှနေ၍ အီရန်ခေါင်းဆောင်များကို အမှန်တကယ် ကြိုးကွင်းစွပ်ထားသော အနေအထားရောက်ရှိစေကာ ၂၀၀၃ ခုနှစ်တွင် လစ်ဗျားတွင်ဖြစ်ခဲ့သလို နျူကလီးယားအစီအစဉ် စွန့်လွှတ်ရခြင်းမျိုးဖြစ်သည်။
ရီပက်ဘလေကန်ပါတီက ၂၀၀၃၊ ၂၀၀၅ နှင့် ၂၀၀၇ ခုနှစ်များတွင် ယင်းသို့ လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် ရီပက်ဘလေကန်ခေါင်းဆောင်များက အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့သည်။ ထို့ထက်ပိုဆိုးသည်မှာ အမေရိကန်မှာ အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် လုံးပန်းနေခဲ့ရပြီး အင်အားကုန်ခန်းသွားခဲ့သည်။ မစ္စတာဘုရှ်က မစ္စတာအိုဘားမားထံ လွှဲပြောင်းပေးအပ်ချိန်တွင် နိုင်ငံမှာ တစ်ချိန်ကပိုင်ဆိုင်ခဲ့သော စိတ်ပိုင်းဖြတ်မှု အများအပြားဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးအပေါ် အမှန်တကယ် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် အမေရိကန်မှာ အားအင်ကုန်ခန်းနေပြီဖြစ်သည်။ ဘဂ္ဂဒက်နှင့် ကဘူးလ် သွေးထွက်သံယိုလမ်းမများပေါ် အငွေ့ပျံလွင့်ပြယ်သွားပြီဖြစ်သည်။
မစ္စတာအိုဘားမားလည်း အမှားများကျူးလွန်ခဲ့ပါသည်။ သမ္မတဖြစ်လာပြီးချိန်တွင် အချည်းနှီးဖြစ်သော ထိတွေ့ဆက်ဆံရေးမူဝါဒနှင့် ထိထိရောက်ရောက်မရှိသော တားဆီးပိတ်ဆို့ရေးအစီအစဉ်များဖြင့် အချိန်ဖြုန်းခဲ့သည်။ အိုဘားမားမှာ နုံနုံအအဖြစ်နေကြောင်း ဗြိတိန်၊ ပြင်သစ်၊ အစ္စရေး၊ အီဂျစ်နှင့် ဆော်ဒီနိုင်ငံသားများက ၎င်းကိုသတိပေးနေခြင်းများကို လျစ်လျူရှုပြီး ၂၀၀၉ ခုနှစ် ဇွန်လက လွတ်လပ်မှုရှာဖွေသော အီရန်လူထုကိုလည်း ကျောခိုင်းနေခဲ့သည်။ နောက်ပိတ်ဆုံး ၂၀၁၁၊ ၂၀၁၂ ခုနှစ်များတွင် တွန်းတွန်းတိုက်တိုက် သံတမန်ရေးနှင့် ဒဏ်ခတ်အပြစ်ပေးပိတ်ဆို့မှုများ အိုဘားမားက စတင်ချိန်တွင် ယင်းမှာ အလွန်နောက်ကျ၊ အလွန်ကျဉ်းမြောင်းသွားပြီဖြစ်သည်။
တစ်နည်းပြောရလျှင်လည်း မစ္စတာအိုဘားမားမှာ ၎င်းအမွေဆက်ခံခဲ့ရသော မဟာဗျူဟာမြောက် ဘေးဒုက္ခမီးခိုးများအူနေသော အပျက်အစီးများကြား လှုပ်ရှားရခြင်းဖြစ်သည်။
အီရတ်စစ်ပွဲအပြီးတွင် အမေရိကန်မှာ စိတ်ဒဏ်ရာရထားသော နိုင်ငံဖြစ်သွားခဲ့သည်။ အရှေ့အလယ်ပိုင်းမှ ပြဿနာများအတွက် အာရုံစိုက်နိုင်စွမ်းရည် တိုတောင်းသွားသည်။ ကမ္ဘာကြီး၏ အရက်စက်ဆုံးဒေသမှ အန္တရာယ်အရှိဆုံးအကြောင်းအရာကို ကိုင်တွယ်ရေးအတွက် မောပန်းနွမ်းနယ်နေသော အင်ပါယာမှာ လိုအပ်သော စိတ်အားထက်သန်မှုနှင့် အမြော်အမြင် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
—Ref: How Bush Iran Let Go Nuclear

No comments:

Post a Comment