HOME

Monday, June 16, 2014

သဘောထားတင်းမာသော ရစ်ဗလင်ကို ဒသမမြောက် အစ္စရေးသမ္မတအဖြစ် ပါလီမန်က ရွေးကောက်တင်မြှောက်..!

သဘောထားတင်းမာသော ရစ်ဗလင်ကို ဒသမမြောက် အစ္စရေးသမ္မတအဖြစ် ပါလီမန်က ရွေးကောက်တင်မြှောက်

ဇွန် ၁၀ ရက်တွင် ဂျေရုဆလင်မြို့ဟောင်းတွင် ထောက်ခံသူများကို နှုတ်ဆက်နေသော အစ္စရေးသမ္မတသစ် ရူဗင်ရစ်ဗလင် (Photo:AFP)


အစ္စရေး ပါလီမန်သည် အာဏာရ လီကွတ်ပါတီဝင် လက်ယာစွန်းဝါဒီ၊ ပါလီမန် ဥက္ကဋ္ဌဟောင်း ရူဗင်ရစ်ဗလင်ကို နိုင်ငံ၏ ဒသမမြောက် သမ္မတအဖြစ် ဇွန် ၁၀ ရက်တွင် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။


အမတ် ၁၂၀ ရှိသော ပါလီမန်တွင် လျှို့ဝှက်မဲပေးစနစ်ဖြင့် ကျင်းပသော ရွေးကောက်ပွဲ ဒုတိယအကျော့တွင် ရစ်ဗလင်သည် ထောက်ခံမဲ ၆၃ မဲ ရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက် ဗဟိုယိမ်းဝါဒီ မီယာရှီထရစ်က ၅၃ မဲ ရရှိခဲ့ကြောင်း ပါလီမန်ဥက္ကဋ္ဌ ယူလီအဒယ်စတိန်းက ပြောကြားခဲ့သည်။

ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် နိုင်ငံရေးသမားဟောင်း ဒါလီယာအစ်ဇစ်၊ တရားရုံးချုပ် တရားသူကြီးဟောင်း ဒါလီယာဒေါ်နာနှင့် ဓာတုဗေဒနိုဗယ်ဆုရှင် ဒန်ရှက်ခ်ျမန်တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပထမအကျော့တွင် အရှုံးနှင့် ထွက်ခဲ့ရသည်။

လက်ရှိသမ္မတ ရှီမွန်ပီရက်စ်သည် လာမည့် ဇူလိုင်လကုန်တွင် ရာထူးမှ အနားယူမည်ဖြစ်ရာ ဖော်ရွေပြီး တမူထူးသော ဟာသဉာဏ်ရှိသူအဖြစ် လူသိများသည့် အသက် ၇၄ နှစ်ရှိ ရစ်ဗလင်က သမ္မတရာထူးကို လွှဲပြောင်းရယူမည် ဖြစ်သည်။ ရစ်ဗလင်၏ ရာထူးရယူမှုသည် ရွှေရောင်သမ္မတ သက်တမ်းအဖြစ် အများက ယူဆထားကြသော ပီရက်စ်၏ ရာထူးသက်တမ်း အဆုံးသတ်မှုလည်း ဖြစ်သည်။

ရှေ့နေတစ်ဦးဖြစ်သော ရစ်ဗလင်သည် ဒီမိုကရေစီနှင့် ပြည်သူ့အခွင့်အရေးနှင့် ပတ်သက်၍ ခုခံကာကွယ်မှုအတွက် နိုင်ငံရေးနယ်ပယ်မှ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရရှိထားသည်။ သို့သော် ၎င်း၏နိုင်ငံရေး အမြင်သည် ပီရက်စ်နှင့် လုံးဝဆန့်ကျင်နေသည်။ ၎င်းသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို အခိုင်အမာ ဆန့်ကျင်သူ တစ်ဦးဖြစ်ပြီး ဂါဇာကမ်းခြေတွင် အိမ်ရာများ အခြေချနေထိုင်မှုကို စိတ်အားထက်သန်စွာ ထောက်ခံသူတစ်ဦး ဖြစ်သည်။

ပီရက်စ်၏ သြဇာတိက္ကမနှင့် ကမ္ဘာ့အဆင့် ရပ်တည်ချက်ကို လိုက်မီရန် ရစ်ဗလင်သည် အပြင်းအထန် ကြိုးပမ်းရမည်ဖြစ်ပြီး ၎င်း၏ရာထူးကို အသုံးပြု၍ နိုင်ငံရေး ငြိမ်းချမ်းမှုကို တိုးမြှင့်ရမည် ဖြစ်သည်။ ရစ်ဗလင်ကို မနှစ်မြို့ဘဲ ၎င်း၏ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းကိုသာ ထောက်ခံခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ရစ်ဗလင် အနိုင်ရရှိပြီးနောက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

Ref:AFP

No comments:

Post a Comment