HOME

Tuesday, August 5, 2014

ဂါဇာအရေးနှင့် ပတ်သက်ပြီး ဗြိတိန်၏ အစ္စလာမ် ဘာသာဝင် ဝန်ကြီးတစ်ဦး နုတ်ထွက်...!

ဂါဇာအရေးနှင့် ပတ်သက်ပြီး ဗြိတိန်၏ အစ္စလာမ် ဘာသာဝင် ဝန်ကြီးတစ်ဦး နုတ်ထွက်



ဂါဇာစစ်ပွဲ အရေးတွင် ဗြိတိန်အစိုးရ ကျင့်သုံးနေသည့် မူဝါဒများကို ကန့်ကွက်သည့် အနေဖြင့် အစ္စလာမ် ဘာသာဝင် ဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန်နွယ်ဖွား ဆာယီဒါ ဝါဆီသည် နိုင်ငံခြားရေးနှင့် ဓနဿဟာယ နိုင်ငံများရေးရာ ဝန်ကြီးဌာန အကြီးတန်း ဝန်ကြီးရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
“အလေးအနက် စိတ်ထိခိုက် ကြေကွဲမှုတွေနဲ့ပဲ ဒီမနက်မှာ ကျွန်မအနေနဲ့ ဝန်ကြီးချုပ်ဆီ စာရေးသားပြီး ကျွန်မရဲ့ နုတ်ထွက်စာကို တင်သွင်းခဲ့ပါတယ်။ ဂါဇာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒတွေကို ကျွန်မ ရှေ့ဆက် မထောက်ခံနိုင်တော့ပါဘူး”ဟု ဝါဆီက Twitterတွင် ရေးသားထားခဲ့သည်။ သူမသည် ကိုးကွယ်ယုံကြည်မှုနှင့် လူ့အသိုက်အဝန်းဌာန ဝန်ကြီးအဖြစ်မှလည်း တစ်ပါတည်း နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ဝါဆီသည် ဗြိတိန် ဗဟိုအစိုးရ အဖွဲ့တွင် ပါဝင်ခွင့်ရသည့် ပထမဆုံး အစ္စလာမ် ဘာသာဝင် ဖြစ်သည်။ သူမသည် ယူနိုက်တက်ကင်းဒမ်းရှိ အစိုးရအဖွဲ့ အသီးသီးတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် ပထမဆုံး အစ္စလာမ် ဘာသာဝင် အမျိုးသမီး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ညွန့်ပေါင်းအစိုးရသည် ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးများ အရှိန်မြှင့်နေခြင်းကို ထိထိရောက်ရောက် မဟန့်တားနိုင်သဖြင့် ဝေဖန်မှုများစွာ ကြုံနေရသည်။ အထူးသဖြင့် အတိုက်အခံ လေဘာပါတီက ဂါဇာအရေးတွင် အစိုးရ၏ လုပ်ဆောင်မှုများအပေါ် အဓိက ဖိအားပေးလျက် ရှိသည်။ ဝါဆီ၏ နုတ်ထွက်မှုကို လေဘာပါတီ အမတ်အချို့က ရဲရင့်သော ဆောင်ရွက်ချက် တစ်ရပ်အနေဖြင့် Twitterပေါ်၌ ချီးကျူးခဲ့ကြသည်။
ဝါဆီ၏ နုတ်ထွက်မှုသည် ဂါဇာတွင် အစ္စရေးနှင့် ဟားမားစ်တပ်ဖွဲ့များ (၇၂)နာရီ အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု စတင်အကောင်အထည် ဖော်ချိန်နှင့် တိုက်ဆိုင်နေသည်။ အပစ်အခတ် ရပ်စဲရေးကိစ္စ ညှိနှိုင်းမှု အောင်မြင်ခဲ့သည့်နောက် ဂါဇာဒေသသို့ ဝင်ရောက်နေရာယူထားသည့် အစ္စရေးတပ်ဖွဲ့များသည် ဩဂုတ်(၅)ရက်တွင် စတင်ဆုတ်ခွာနေပြီ ဖြစ်သည်။

No comments:

Post a Comment