HOME

Wednesday, January 11, 2012

အမေရိကန်စစ်သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြားဖြတ်....!

အမေရိကန်စစ်သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြားဖြတ်

(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျွန်စီစတင်းနစ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
အနောက်အုပ်စုက အီရန်နိုင်ငံ၏ ပြည်ပသို့ ရေနံတင်ပို့မှုကို ပိတ်ပင် တားဆီးမည်ဆိုလျှင် ဟော်မုဇ်ရေလက် ကြားကို အီရန်ရေတပ်က ပိတ်ဆို့ထားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့ရေနံတင်ပို့မှု ၏ ၄၀ ရာခိုင်နှုန်း သယ်ယူပို့ဆောင်ရာတွင် ဖြတ်သန်းအသုံးပြုနေသော မဟာဗျူဟာ ကျသည့် ပင်လယ်ရေကြောင်းလမ်း ဖြစ်သည်။ ရေနံကြွယ်ဝသော နိုင်ငံများ ဖြစ်သည့် ဘာရိန်း၊ ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးအာရပ် စော်ဘွားများနိုင်ငံတို့ ၀န်းရံထားသော ပင်လယ် ကွေ့ဒေသကို ဟော်မုဇ် ရေလက်ကြားမှ တစ်ဆင့်အိုမန်နိုင်ငံ နှင့် ဆက်သွယ်ပေးသည်။
"အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်မှုပြုလုပ်ရင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး ရေနံတစ်စက်မှ ထွက်မသွား စေရဘူး"ဟု အီရန်ဒုတိယသမ္မတ မိုဟာမက်ရီဇာရာ ဟီမီက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကြုံးဝါး ခြိမ်းခြောက်ခဲ့သည်။
အီရန်နိုင်ငံသည် နျူကလီးယားလက် နက်ထုတ်လုပ်နိုင်ရန် ဆက်လက်ပြုလုပ် နေသဖြင့် အီရန်၏ ပြည်ပရေနံတင်ပို့မှု ကို ပိတ်ပင်ရန် အနောက်နိုင်ငံများက စဉ်းစားလျက်ရှိသည်။
ဟော်မုဇ်ရေလက် ကြားသည် ကျဉ်းမြောင်းလှသည် ဖြစ်ရာ အကျယ်ဆုံးနေရာတွင် မိုင် ၃၀ သာရှိပြီး ပေ ၂၀၀ အထိသာ နက် သည်။ ကမ်းတစ်လျှောက်တွင် လူသူ ကင်းမဲ့သော သဲကန္တာရကျွန်းလေးများသာ ရှိသည်။
သို့သော်မဟာဗျူဟာအရ အရေးပါသော ကျွန်းများဖြစ်သည့် အီရန် နိုင်ငံပိုင် ဟော်မုဇ်၊ ကွီရှမ်နှင့် ဟန်ဂန် ကျွန်းများ ပါဝင်သည်။
အိုမန်နိုင်ငံပိုင် မူဆန်ဒန်ကျွန်းဆွယ် သည် အီရန်နိုင်ငံဘက်သို့ ဦးတည်လျက် ဟော်မုဇ်ရေလက်ကြားအတွင်း ထိုးထွက်ပြီး ယူအေအီး ပိုင်မြေနှင့် သီးခြားဖြစ် လျက်ရှိသည်။
ပိုမိုကြီးမားပြီး ပိုင်ဆိုင်မှုအငြင်းပွားနေသော Greater Tunb, Lesser Tunb နှင့် Abu Musa ကျွန်းများသည် မဟာဗျူဟာကျပြီး ယူအေအီး ကမ်းရိုးတန်းကို ကျောပေးထားသည် ဖြစ်ရာ ပင်လယ်ကွေ့နိုင်ငံများဖြစ်ကြသည့် ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အီရတ်နှင့် အီရန်နိုင်ငံတို့ကို ထောက်လှမ်း စောင့် ကြည့်နိုင်သည့် မဟာဗျူဟာ အနေ အထားတွင် ရှိနေသည်။
ဗြိတိန် နိုင်ငံသည် ၎င်း၏ လက်အောက်ခံ ပင်လယ်ကွေ့နိုင်ငံများကို ၁၉၇၁ ခုနှစ် တွင် လွတ်လပ်ရေးပေးခဲ့ပြီး ဗြိတိသျှ တပ်များကို ပင်လယ်ကွေ့မှ ရုပ်သိမ်း ခဲ့သည်။ အနောက်အုပ်စုများက ထောက် ခံမှုပေးထားသော ရှားဘုရင်လက်ထက်က ဤကျွန်းများသည် အီရန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
လူနေထိုင်သည့် တစ်ခုတည်းသော ကျွန်းဖြစ်သည့် အဘူမူဆာကျွန်းကို ရှားဘုရင်နှင့် သဘောတူညီချက်အရ ယူအေအီးနှင့် အီရန် တို့ပူးတွဲအုပ်ချုပ် ထားခဲ့သည်။
သို့သော် အီရန်တို့သည် ယခုအခါ ထိုကျွန်းတစ်ခုလုံးကို ထိန်း ချုပ်ထားပြီး ကျွန်းပေါ်တွင်လေယာဉ်ကွင်းနှင့် စစ်အခြေစိုက်စခန်း များလည်း တည်ဆောက်ထားသည်ဟု ယူအေအီး က ပြောသည်။
အီရန်အစိုးရ၏ ၀ါဒ ရေးရာစစ်တပ်ဖြစ်သော တော်လှန်ရေး အစောင့်တပ်သည် ဟော်မုဇ်ရေလက်ကြားနှင့် ပင်လယ်ကွေ့အတွင်း ရေတပ် လှုပ်ရှားမှုများကို ထိန်းချုပ်ထားသည်။
အကယ်၍ စစ်မက်ဖြစ်ပွားလာခဲ့ သော် ရေနံကြွယ်ဝသော ပင်လယ်ကွေ့ ဒေသသို့သွားရာလမ်းကို အီရန်နိုင်ငံက ပိတ်ဆို့ထားနိုင် သည်ဟု အမေရိကန် ထောက်လှမ်းရေးဌာနက ၂၀၀၉ ခုနှစ် အစီရင်ခံစာတွင် သတိပေးထားသည်။
ကမ္ဘာပေါ်တွင် ရေနံတင်သင်္ဘော ကြီးများဖြင့် သယ်ယူပို့ဆောင်နေရ သော ရေနံအားလုံး၏ သုံးပုံ တစ်ပုံသည် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်း ပို့ဆောင်နေရခြင်း ဖြစ်သည်။
ဤ ရေလမ်းကြောင်း လွတ်လပ်စွာသွားလာ နိုင်ရေးအာမခံနိုင်အောင် အမေရိကန်တို့က ပင်လယ်ကွေ့ဒေသတွင် ရေတပ် အင်အား အမြဲထားရှိခြင်းဖြစ်သည်။ အီရန်ရေတပ်ကလည်း ဟော်မုဇ် ရေလက်ကြား၏ အရှေ့ဘက်ရှိ အပြည် ပြည်ဆိုင်ရာ ပင်လယ်ပြင်တွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
ဤအတောအတွင်း အီရန်နိုင်ငံ သည် နိုင်ငံတွင်းရှိ ယူရေနီယံသတ္တု ရိုင်းသိုက်မှ ရရှိသော ယူရေနီယံဖြင့် နျူကလီးယား လောင်စာ ချောင်းကို အီရန် သိပ္ပံပညာရှင်များက ပထမဆုံးထုတ် လုပ်နိုင်ပြီဖြစ်ကြောင်း ဇန်န၀ါရီ ၁ ရက်နေ့တွင် အီရန်အဏုမြူစွမ်းအင် အဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။
အီရန်ရေတပ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် ရေဒါ တိုက်ဖျက်ရေး တာလတ်ဒုံးပျံတစ်ခုကို ပထမဆုံးအောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် မာမွတ်မူဆာဗီက ပြောသည်။ အမေရိကန်သမ္မတ ဘာရက်အို ဘားမားသည် အီရန်ဗဟိုဘဏ်အား ပစ်မှတ်ထားသည့် ကန့်သတ်ပိတ်ပင် မှု ဥပဒေတစ်ရပ်ကို ဒီဇင်ဘာ ၃၁ ရက် တွင် လက်မှတ်ရေးထိုးလိုက်ရာ အီ ရန်ငွေကြေး ရီယာမှာ တန်ဖိုးစံချိန်တင် ထိုးကျသွားကြောင်း ဇန်န၀ါရီ ၁ ရက် နေ့တွင် တွေ့ရှိရသည်။
အီရန်၏ ပြည်ပ ရေနံတင်ပို့ရောင်းချမှုကို အီရန် ဗဟိုဘဏ် မှ တစ်ဆင့်လုပ်ကိုင်နေခြင်းဖြစ်သည်။ မဟာဗျူဟာ ရေနံလမ်းကြောင်း ဖြစ်သော ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားမည်ဟုခြိမ်းခြောက် နေသည့်ကြားမှပင် ဒီဇင်ဘာ ၂၉ ရက် နေ့က အမေရိကန် စစ်သင်္ဘောကြီး နှစ်စင်းသည် ဟော်မုဇ်ရေလက်ကြား ထဲသို့ ၀င်ရောက်လာခဲ့ရာ တစ်စုံတစ်ရာ အချင်းဖြစ်ပွားမှုမရှိခဲ့ဘဲ ၀င်ရောက် နိုင်ခဲ့ကြောင်း အမေရိကန်ရေတပ်မှ ကြေညာသည်။
အမေရိကန်လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ်ဂျွန်စီစတင်းနစ် နှင့် အလိုအလျောက် ပစ်မှတ်ရှာ ဒုံးကျည်တင် ခရူဇာ စစ်သင်္ဘော ယူအက်စ်အက်စ်မို ဘိုင်းလ်ဘေး သင်္ဘောကြီးနှစ်စင်းသည် ကြိုတင်စီ စဉ်ထားသည့် လမ်းကြောင်းအတိုင်း ဟော်မုဇ် ရေလက်ကြား အတွင်းသို့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ၀င်ရောက် သွားခဲ့ကြောင်း အမေရိကန်အမှတ် (၅) ရေတပ်ပြောခွင့်ရ အမျိုးသမီးဒုဗိုလ် ရီဘက်ကာရီဘာရစ်က ပြောသည်။
အီရန် ရေတပ်နှင့် တစ်စုံတစ်ရာအချင်း ဖြစ်ပွား မှုမရှိခဲ့ကြောင်းလည်း ပြောသည်။ စောစောပိုင်းကမူ အီရန်အပေါ် တားဆီးပိတ်ဆို့ အရေးယူမှုများ ပြုလုပ် လျှင် ဟော်မုဇ်ရေလက်ကြားကို အီရန် ရေတပ်က ပိတ်ဆို့ပစ်မည်ဟု အီရန် ခေါင်းဆောင်များက ခြိမ်းခြောက် ခဲ့သည်။
အီရန်ရေတပ်သည် ဇန်န၀ါရီ ၂ ရက်နေ့တွင် ပင်လယ်ကွေ့အနီးစစ်ရေး လေ့ကျင့်ရာ၌ ကီလိုမီတာ ၂၀၀ အကွာ အဝေး ပစ်ခတ် နိုင်သည့် ဒုံးကျည် နှစ်စင်းနှင့် တာတိုပစ် ဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်ခတ်ရန်ရှိသည်ဆို၏။ ရက်သတ္တပတ်ကျော်ကြာ စစ်ရေး လေ့ကျင့်မှု၏ နောက်ဆုံးနေ့တွင် စမ်းသပ်ခြင်းဖြစ်သည်။

No comments:

Post a Comment