HOME

Saturday, March 3, 2012

အမှန်တရား၏ ဘက်တော်သား၊......သတင်းတစ်ပုဒ်!


အမှန်တရား ဘက်တော်သား သတင်းသမားနှင့် အဓမ္မ၀ါဒီတစ်စု သို့မဟုတ် သမိုင်းကို ပြောင်းပြန်လှန်လိုက်သည့် သတင်းတစ်ပုဒ်   
၁၉၇၁ ခု၊ ဇွန်လ ၁၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံထုတ် -Sunday Times သတင်းစာတွင် သတင်းဆောင်းပါးတစ်ပုဒ် ပါလာခဲ့လေသည်။ ထိုဆောင်းပါးကို ရေးသားနိုင်ရန်အတွက် သတင်းထောက်စာရေးဆရာသည် မိမိနိုင်ငံမှ မိုင်ထောင်ချီ၍ ထွက်ပြေးခဲ့ရသည်။ ထိုဆောင်း ပါးကြောင့်ပင် နိုင်ငံတစ်နိုင်ငံ၏သမိုင်းသည် တစ်ဆစ် ချိုးပြောင်းလဲကာ လွတ်လပ်ရေး ရလာခဲ့သည်။ တောင်အာရှစာနယ်ဇင်းလောကတွင်  ဖိန့်ဖိန့်တုန်ကာ သမိုင်းဝင် ဖြစ်ခဲ့ရသော ဆောင်းပါးကို စာရေးသူက ဤသို့ စတင် ရေးသားထားသည်။

          '...ကံတရားသည် အဗ္ဗဒူဘာရီ၏ဘက်တွင် မရှိပါ။ အရှေ့ဘင်္ဂလားပြည်သူ ထောင်ပေါင်းများစွာကဲ့သို့ပင် သူသည် ကြီးမားသော အမှားကို ပြုမိပြန်သည်။ သူသည် ပါကစ္စတန် ကင်းလှည့်တပ်ဖွဲ့ရှေ့တွင် ကျားရှေ့မှောက်လျက်လဲသလို ဖြစ်သွားသည်။ အသက် ၂၄ နှစ် ရှိသော အဗ္ဗဒူဘာရီသည် စစ်သားများရှေ့မှောက်သို့ ရောက်ရှိသွားသည်။ သူသည် လွန်စွာကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်နေသည်။ စစ်သားများက သူ့ကိုပစ်သတ်ကြတော့မည်...'
သမိုင်းကောက်ကြောင်း
          ၁၄၉၇ ခုနှစ်တွင် ဂွတ်ဟုပ်အငူကိုဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာသို့ ရွက်လွှင့်ခဲ့သော ပေါ်တူဂီသင်္ဘောသား ဗတ်စကိုဒဂါးမားသည် ၁၄၉၈ ခုနှစ်၊ မေလတွင် အိန္ဒိယနိုင်ငံ၊ မာလဘာကမ်းခြေရှိ Calicut ဆိပ်ကမ်း သို့ရောက်လာခဲ့သည်။ ဥရောပသားတို့ အိန္ဒိယသို့ စတင် ခြေချလာခြင်းပင်ဖြစ်သည်။
          ဥရောပနိုင်ငံတို့သည် အရှေ့အာရှသို့ သာသနာပြု အသွင်၊ ကုန်စည်ကူးသန်းရန်အသွင်ဖြင့် ရောက်ရှိလာကြသည်။ အပြိုင်အဆိုင် လုပ်ပိုင်ခွင့်ရယူကြသည်။ ခရစ်နှစ် ၁၆ဝဝ တွင် ဗြိတိန်၏ အရှေ့အိန္ဒိယ ကုမ္ပဏီသည် အိန္ဒိယ၌ တစ်ဦးတည်းကုန်သွယ်ခွင့်ရရှိခဲ့သည်။ ဗြိတိသျှတို့သည် အိန္ဒိယအား အာရှတွင် နယ်ချဲ့ရန် အတွက် ပင်မခြေကုပ်စခန်းအဖြစ် သတ်မှတ်ခဲ့သည်။ အိန္ဒိယမှ ဝါဂွမ်း၊ ပိုးထည်၊ သကြား၊ ယမ်းမှုန့်တို့ ရရှိခဲ့သည်။ ဒတ်ခ်ျ၊ ပေါ်တူဂီနှင့် ပြင်သစ်တို့သည် လုပ်ပိုင်  ခွင့်များလုယက်ကြရင်း အရှုပ်အထွေး  ပြဿနာများစွာ ဖန်တီးကြသည်။ ထို အချိန်က အိန္ဒိယသည် နယ်မြေအသီး သီးကွဲပြားကာ နယ်စားများက သူတစ်လူငါတစ်မင်း အုပ်ချုပ်နေကြသည်။ နယ်စားများသည် အာဏာရရှိ ရေး၊ နယ်မြေလုယက်ရေးတို့အတွက် တိုက်ကြခိုက်ကြရာတွင်  နယ်ချဲ့တို့ထံမှ လက်နက်များဝယ်ယူကြသည်။ အကူအညီများ တောင်းကြသည်။ နယ်ချဲ့စစ်တပ်များ ရောက်ရှိလာကြသည်။ အိန္ဒိယနိုင်ငံရေးတွင် ဥရောပသားတို့ ဝင်ရောက် ခြေရှုပ်လာခဲ့သည်။ မဒရပ်သည် ဗြိတိသျှ  နယ်မြေဖြစ်လာခဲ့သည်။
          ဘင်္ဂလားနယ်တွင် ပုန်ကန်မှု ဖြစ်ပွားကာ စစ်ပွဲသည် ခုနစ်နှစ် ကြာခဲ့သည်။ စစ်ပွဲတွင် ဗြိတိသျှ စစ် တပ်ပါဝင်ပတ်သက်လာရတော့သည်။  ဥရောပ စစ်တပ်တို့၏ လက်နက် ကောင်းမှု၊ စည်းကမ်းရှိမှုသည် အိန္ဒိယ တွင် များစွာအရေးသာခဲ့သည်။ ဗြိတိ သျှတို့သည် ၁၇၅၅ ခုနှစ်တွင် ကလိုက်အုပ်ချုပ်သော စစ်တပ်ကို မာဒရပ်သို့ စေလွှတ်ခဲ့သည်။ ကလိုက် သည် မဒရပ်ကိုထိန်းချုပ်ကာ ဗြိတိ သျှအာဏာစက်ကို ကောင်းစွာချဲ့ထွင် ခဲ့သည်။
          ၁၇၆၃ ခုနှစ်တွင် ဘင်္ဂလားနယ် သည် ဗြိတိသျှတို့ လက်အောက်သို့ ရောက်ရှိလာသည်။ ၁၇၆၅ ခုနှစ်တွင် အိန္ဒိယသို့ ကလိုက် ဒုတိယအကြိမ် ရောက်ရှိလာမှုသည် အိန္ဒိယအား ဗြိတိသျှကိုလိုနီပြုရေး၏ အစပင်ဖြစ် သည်။ ၁၇၇၃ တွင် ဗြိတိသျှ ပါလီ မန်သည်  အာဏာအပ်နှင်းမှု ဥပဒေ Regulation Act ကို ပြဋ္ဌာန်းကာ ဗြိတိသျှဘုရင်ခံအား အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီကို ပိုမိုထိန်းချုပ်ပိုင်ခွင့်ပေးခဲ့သည်။
          အင်္ဂလိပ်အရှေ့အိန္ဒိယ ကုမ္ပဏီသည် အိန္ဒိယတောင် ပိုင်းနှင့် အရှေ့ပိုင်းကမ်းခြေတို့တွင် အခြေချနိုင်ခဲ့သည်။ ဘုရင်ခံ ရမ်ဆေးလက်ထက်တွင် အင်ပါယာကို ပို၍ချဲ့ ထွင်နိုင်ခဲ့ သည်။ ၁၈၄၉ ခုတွင် ပန်ဂျပ်ပြည်နယ်ကို ဖြည့်စွက်နိုင်ခဲ့သည်။ ဘုရင်ခံ ဒါလဟိုစီလက်ထက်တွင် ဆတရ၊  ဂျိုင်ပူ၊ ဆမ်ဘာပူ၊ ဂျန်ဆီ၊ နက်ပါ ဒေသတို့ကို ဖြည့်စွက်နိုင်ခဲ့သည်။ နောက်ဆုံး ၁၈၆၅ ခုတွင် အူရဒူ ဒေသကိုဖြည့်စွက်နိုင်ခဲ့သည်။ ၁၈၁၆ ခုတွင် ဆင်းမလား ဒေသကို ထပ်မံရရှိခဲ့သည်။ ၈-၂-၁၈၅၈ နေ့တွင် ဗြိတိသျှပါလီမန်သည် အိန္ဒိယဥပဒေကို ပြဋ္ဌာန်းကာ အိန္ဒိယကိုသိမ်းပိုက်ခဲ့သည်။ ထိုသိမ်းပိုက်မှုတွင် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် အိန္ဒိယပိုင်နက်တွင် ပါဝင်သွားတော့သည်။
          ၁-၁-၁၈၈၆ ခုနေ့တွင်မူ မြန်မာ နိုင်ငံကိုပါ အိန္ဒိယကိုလိုနီနယ်၌ ပေါင်းထည့်ခဲ့သည်။
          ဗြိတိသျှတို့သည် အိန္ဒိယပြည်  သူတို့အပေါ် အခွန်အမျိုးမျိုး စည်း ကြပ်ကောက်ခံသည်။ အိန္ဒိယဝါဂွမ်း  များကို ဗြိတိန်ချည်စက်များအတွက် ဈေးနှိမ်၍ ဝယ်သည်။ အိန္ဒိယချည် ထည်လုပ်ငန်းသည် ပျက်စီးခဲ့ရသည်။ အိန္ဒိယ ဓလေ့ထုံးတမ်းတို့နှင့် ဆန့် ကျင်သည့် ဥပဒေများကို ချမှတ်သည်။ ၁၈၃၅ ခုတွင် အင်္ဂလိပ်စာသည် အစိုးရသုံး ဘာသာစကားဖြစ်လာသည်။ အခွန်အမျိုးမျိုး ဖိစီးကောက် ခံမှုနှင့် ဖိနှိပ်သော ဥပဒေများချမှတ် မှုတို့သည် အိန္ဒိယပြည်သူများအားများစွာ မကျေမနပ်ဖြစ်စေခဲ့သည်။
အိန္ဒိယ၏ လွတ်လပ်ရေးကြိုးပမ်းမှု
          ၁၈၅၇ ခုနှစ်တွင် စီပွိုင်(စစ် သားများ)ပုန်ကန်မှု - Sepoy Rebellion ပေါ်ပေါက်လာသည်။ ချောဆီ သုတ်ထားသော သေနတ် ကျည်အိမ်ကို စစ်သားတို့သည် ပါးစပ် ဖြင့်ကိုက်၍ ဖြုတ်ရသည်။ ထိုဆီကို နွားနှင့်ဝက်တို့၏ အဆီများဖြင့်ပြုလုပ် ထားရာ နွားကို အထွတ်အမြတ်ထား သော ဟိန္ဒူဘာသာဝင်နှင့် ဝက်သား ကိုမသန့်စင်ဟု သတ်မှတ်ရှောင်ကြဉ် သော အစ္စလာမ်ဘာသာဝင်စစ်သား တို့သည် လွန်စွာ မကျေမနပ်ဖြစ်ကာ သေနတ်ကိုင်ဖို့ ဖီဆန်ငြင်းဆိုပုန်ကန် ကြကာ မေရတ်မြို့ကို သိမ်းပိုက်လိုက် သည်။ နယူးဒေလီသို့ ချီတက်ကာ ရှားဘုရင်-၂ အား မဂိုအင်ပါယာကို ပြန်လည်ထူထောင်ရန်တိုက်တွန်းကြ သည်။ ပုန်ကန်မှုသည် အူရဒူအထိ ကျယ်ပြန့်ခဲ့သော်လည်း ဗြိတိသျှတို့ သည် ဆစ်ခ်စစ်သားများကို စုဆောင်း ကာ နှိမ်နင်းနိုင်ခဲ့သည်။ ပုန်ကန်မှု သည် နှစ်နှစ်ကျော်ကြာမြင့်ကာ ၁၈၅၉ ခုရောက်မှသာ ချုပ်ငြိမ်းခဲ့သည်။
          ၁၈၅၈ ခုတွင် ဗြိတိသျှ ပါလီမန်သည် အရှေ့အိန္ဒိယ ကုမ္ပဏီကို အစိုးရ၏ လက်အောက်သို့ လွှဲပြောင်းယူခဲ့သည်။ ကုမ္ပဏီ၏ မဂို ဘုရင်တို့ကိုယ်စား အုပ်ချုပ်မှု အဆုံးသတ်ကာ ဗြိတိသျှ အုပ်ချုပ်မှု စတင်ခဲ့သည်။ ၁၈၇၆ ခု တွင် ဝိတိုရိယ ဘုရင်မကြီးသည် အိန္ဒိယ၏ ဘုရင်မ ဘွဲ့သရဖူကို ဆောင်းခဲ့ပေသည်။
          စီပွိုင်ပုန်ကန်မှုနောက်တွင် အိန္ဒိယပြည်သူတို့၏ နယ်ချဲ့ ဗြိတိသျှ တို့အပေါ် မကျေနပ်မှုသည် ထကြွနိုးကြားလာခဲ့သည်။ ၁၈၈၅ တွင် အိန္ဒိယ အမျိုးသားကွန်ဂရက်ကို ဖွဲ့စည်းခဲ့သည်။ ဟိန္ဒူလူမှုပြုပြင်ရေးအဖွဲ့လည်း ပေါ်ပေါက်လာသည်။ ဘင်္ဂလား တွင်လည်း အမျိုးသားရေး နိုးကြား လှုပ်ရှားလာခဲ့သည်။
          ၁၉ဝ၅ ခုတွင် ဘုရင်ခံ ကာဇွန် သည် ဘင်္ဂလားဒေသကို နယ်မြေ ငါးခု ခွဲခြားလိုက်သည်။ ဟိန္ဒူတို့ သည် မကျေမနပ်ဖြစ်ကာ ဆန္ဒပြ ကြသည်။ ၁၉၁၁ ခုတွင် နယ်မြေ ခွဲခြားမှုကို ပြန်လည်ပယ်ဖျက်ပေး   ခဲ့ရသည်။ ကာလကတ္တားသည် ဘင်္ဂလား၏ မြို့တော်ဖြစ်လာသည်။ ဤအရေးအခင်းတွင် အိန္ဒိယလုံး ဆိုင်ရာ မွတ်ဆလင်အဖွဲ့ပေါ်ပေါက် လာခဲ့ပြီး နောင်တွင် မွတ်ဆလင် ခေါင်းဆောင်တို့သည် ၁၉၄၇ ခု လွတ်လပ်ရေးပေးရာတွင် အရေးကြီး သော အခန်းကဏ္ဍမှပါဝင်နိုင်ခဲ့သည်။
          ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် ဂန္ဒီသည် တောင်အာဖရိကမှ ပြန် လည်ရောက်ရှိလာခဲ့သည်။ သူသည် မွတ်ဆလင် ခေါင်းဆောင် အလီဂျင်း နားနှင့်တွေ့ဆုံကာ ကွန်ဂရက်နှင့် ပူး ပေါင်းလှုပ်ရှားရန် ကြိုးပမ်းခဲ့သည်။ ဂန္ဒီသည် အကြမ်းမဖက်သော တော် လှန်ရေး လှုပ်ရှားမှုများကို ဖော်ဆောင် ခဲ့ရာ အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသည်။ဂန္ဒီသည် ဗြိတိသျှရုံးများ၊ ကျောင်း များ၊ စည်းကမ်းများ၊ ဘွဲ့တံဆိပ်များ၊ အသုံးအဆောင်များအား သပိတ် မှောက်ရေးကို ဆောင်ရွက်ခဲ့သည်။
          ၁၉၂ဝ ခုတွင် ဗြိတိသျှ အစိုးရ သည် ဖိနှိပ်သော ရိုးလတ်ဥပဒေ Rowlatt Acts ကို ပြဋ္ဌာန်းခဲ့ရာ ပြည် သူအများက ကန့်ကွက်ဆန္ဒပြခဲ့ကြ သည်။ အစိုးရက သေနတ်ဖြင့် ပစ် ခတ်နှိမ်နင်းရာ ပြည်သူ ၄ဝဝ ကျော် သေဆုံးခဲ့ရသည်။ ပြည်သူများသည်  ပို၍ နိုင်ငံရေး နိုးကြားတက်ြ<ွကလာ ခဲ့သည်။
          ဂန္ဒီသည် ၁၉၄၂ ခုတွင် အိန္ဒိယ  မှ ထွက်သွားဟုြေ<ွကးကြော်ကာ ဗြိ တိသျှတို့ အိန္ဒိယမှ နှင်ထုတ်နိုင်ရေး အတွက် ပြည်လုံးအနှံ့ အမိန့်များ ဆန့် ကျင်၍ ဆန္ဒပြခဲ့ကြသည်။ ဂန္ဒီသည် ဖမ်းဆီးခံရပြန်ကာ ၁၉၄၄ ခုတွင်မှ ထောင်မှ လွတ်မြောက်လာခဲ့သည်။
          မွတ်ဆလင်ခေါင်းဆောင် ဂျင်း နားသည် ကွန်ဂရက်ပါတီကို ပြင်း ပြင်းထန်ထန် ဆန့်ကျင်ကာ မွတ်ဆ လင်အဖွဲ့ကိုအခြေခိုင်စေရန် ကြိုးပမ်းခဲ့ သည်။ ၁၆-၈-၁၉၄၆ နေ့တွင် ဂျင်း နားသည် အချက်ခြောက်ချက်ပါ  ပါကစ္စတန် ဆုံးဖြတ်ချက်ကို ချ မှတ် ကာ အိန္ဒိယလွတ်လပ်ရေးရချိန်တွင် အနောက်မြောက်ဘက် မွတ်ဆလင် အများစု နေထိုင်ရာဒေသနှင့် အရှေ့ ဘက် ပန်ဂျပ်ဒေသကို အိန္ဒိယမှ ခွဲထုတ်ပေးရန် တောင်းဆိုခဲ့သည်။
          ကြမ်းတမ်းသော ဟိန္ဒူ-မွတ် ဆလင် အဓိကရုဏ်းများ နိုင်ငံအနှံ့ တွင်ဖြစ်ပွားခဲ့သည်။ ၁၉၄၆ ခု၊ စက် တင်ဘာလတွင် ကြားဖြတ်အစိုးရကို ဖွဲ့စည်းခဲ့ရာ နေရူးသည် အိန္ဒိယ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာသည်။ သို့သော် ပြည်ထောင်စု အိန္ဒိယကား ဖြစ်မလာနိုင်တော့ပြီ။ ဗြိတိသျှ အစိုး ရသည် ၁၉၄၇ ခုတွင် အိန္ဒိယ အား၁၉၄၈ ခု၊ ဇွန်လထက် နောက် မကျစေဘဲ လွတ်လပ်ရေးပေးရန် ဆုံး ဖြတ်ခဲ့သည်။ လွတ်လပ်ရေးရရန် နီး ကပ်လာချိန်တွင် ဟိန္ဒူနှင့် မွတ်ဆလင်  အဖွဲ့တို့သည် ဂန္ဒီ၏ဆန္ဒကို ဆန့်ကျင် လျက် တိုင်းပြည်ကိုခွဲခြား၍ လွတ် လပ်ရေးယူရန် သဘောတူခဲ့ကြရ သည်။ ဗြိတိသျှ ပါလီမန်သည်  ၁၉၄၇ ခု၊ ဇူလိုင်လတွင် အိန္ဒိယ လွတ်လပ်ရေး ဥပဒေကို အတည်ပြု ပေးခဲ့သည်။ အိန္ဒိယနှင့် ပါကစ္စတန် တို့သည် သီးခြားနိုင်ငံများအဖြစ် လွတ် လပ်ရေးရရှိခဲ့ကြသည်။ ပါကစ္စတန် သည် အရှေ့ပါကစ္စတန်နှင့် အနောက် ပါကစ္စတန် နှစ်ခုပေါင်းလျက် တစ် နိုင်ငံ ဖြစ်ခဲ့ရသည်။ မူလက ဒေသ တစ်ခုတည်းဖြစ်သော ကက်ရှ်မီးယား  သည် နှစ်ခြမ်းကွဲကာ တစ်ခြမ်းသည် အနောက်ပါကစ္စတန်နယ်မြေ၊ တစ် ခြမ်းသည် အိန္ဒိယနယ်မြေဖြစ်လာခဲ့ သည်။ ပြည်တွင်းစစ်များဖြစ်စေမည့် မျိုးစေ့ချပေးရာတွင် ကျွမ်းကျင်လှ သော ဗြိတိသျှအစိုးရသည် လွတ် လပ်ရေးနှင့် အတူ ပြည်တွင်းစစ်မျိုး စေ့ကိုပါ ပူးတွဲလက်ဆောင်ပေးနိုင်ခဲ့ သည်။ ဂန္ဒီသည် နိုင်ငံ လွတ်လပ်ရေး ရသော ၁၅-၈-၁၉၄၇ နေ့တွင် မပျော် ရွှင်နိုင်ဘဲ ရှိုက်ငင်ငိြုေ<ွကးခဲ့ရလေ သည်။
အရှေ့ပါကစ္စတန်၏တော်လှန်ရေး
          အရှေ့နှင့် အနောက်ပါကစ္စတန်  သည် မိုင်တစ်ထောင်ကျော်ကျယ် သော အိန္ဒိယဖြင့် ခြားနားနေသည်။  ယဉ်ကျေးမှုက မတူ။ အဓိက ကွဲ ပြားမှုက စာပေဖြစ်သည်။ အနောက် ပါကစ္စတန်က အူရဒူဘာသာကို အမျိုးသားစာပေအဖြစ် သတ်မှတ်လို  သည်။ အရှေ့ပါကစ္စတန်ဖြစ်နေသော ဘင်္ဂါလီတို့က ဘင်္ဂါလီဘာသာကို အဆင့်အတန်းတူ ဘာသာအဖြစ်  သတ်မှတ်ပေးရန် တောင်းဆိုသည်။  ဆန္ဒပြမှုများဖြစ်ပွားကာ ဒါကာတွင် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရ သည်။ ၁၉၅၄ ခုနှစ်တွင် ဘာသာနှစ် မျိုးလုံးကို အမျိုးသားစာပေအဖြစ်  သတ်မှတ်ပေးခဲ့သည်။ ၁၉၄၉ ခုနှစ် တွင် အရှေ့ပါကစ္စတန်၌ အဝါမီလိဂ် ပါတီကို ဖွဲ့စည်းခဲ့သည်။
          အရှေ့ပါကစ္စတန်သည် အနောက် ပါကစ္စတန်ထက် လူဦးရေများသော် လည်း ၁၉၅၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်း နယ်မြေတစ်ခုစီ အတွက် အမတ်အရေအတွက် တူညီ စွာထားရှိရန် သတ်မှတ်ခဲ့ရာ အခြား မညီမျှမှုတို့ကို ကုစားနိုင်ရန်အတွက် အရှေ့ပါကစ္စတန်က လက်ခံပေးခဲ့ သည်။ ၁၉၆၆ ခုတွင်  အဝါမီလိဂ် ပါတီခေါင်းဆောင် ရှိတ် မူဂျီဘာ Sheikh Mujibur သည် မညီမျှမှုများ ကိုကုစားရန်၊ စီးပွားရေးတိုးတက် စေရန်နှင့် အရှေ့ပါကစ္စတန်၏ ကိုယ် ပိုင်အုပ်ချုပ်ခွင့် ခိုင်မာစေရန်အတွက် မူခြောက်ချက်ကို ချမှတ်ထုတ်ပြန်ခဲ့ သည်။
          ၁၉၆၉ ခုတွင် ဗိုလ်ချုပ် အဂ္ဂါမူ  ဟာမက် ယာယာ- Agha Muhammd Yahya သည် သမ္မတ အယွတ်ခန်ကို ဖယ်ရှားကာ နိုင်ငံ့အာဏာကို ရယူ ခဲ့သည်။ စစ်အုပ်ချုပ်မှုအောက်တွင် ပါကစ္စတန်သည် ဒီမိုကရေစီ အလင်း ရောင် ပျောက်ကွယ်ခဲ့ရသည်။ မူ ဟာမက်ယာယာသည် အရှေ့နှင့် အနောက် ပါကစ္စတန်အား အမတ်ဦး ရေ တူညီစွာသတ်မှတ်ထားမှုကို ပယ် ဖျက်ကာ လူဦးရေ အချိုးအရသာ အမတ်ဦးရေ သတ်မှတ်ရန်ပြင်ဆင် ခဲ့ရာ အရှေ့ပါစ္စတန်သည် အမျိုးသား လွှတ်တော်တွင် အမတ်နေရာ ၃၂ဝ ရှိသည့်အနက် ၁၆၉ နေရာ ရရှိခဲ့ သည်။
          ၁၉၇ဝ ရွေးကောက်ပွဲတွင် မူဂျီ ဘာခေါင်းဆောင်သော အဝါမီလိဂ် ပါတီသည် အမတ်နေရာ ၁၆ဝ တွင် အနိုင်ရရှိခဲ့သည်။ မူဂျီဘာသည် ဝန် ကြီးချုပ်ဖြစ်လာကာ ပါတီ၏မူ ခြောက်ချက်ကို နိုင်ငံ၏ဖွဲ့စည်းပုံ  အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲ မည်ဟုကြေညာလိုက်သည်။ အနောက် ပါကစ္စတန်မှ ဇူကီဖာအလီဘူတို ခေါင်းဆောင်၍ မူဂျီဘာ၏ကြေညာ ချက်ကိုကန့်ကွက်သည်။ အရှေ့ပါ ကစ္စတန်က တုံ့ပြန်ဆန္ဒပြရာ စစ်တပ် က အင်အားသုံး၍ဖြိုခွဲသည်။ ဘင်္ဂါလီ များစွာသေဆုံးရသည်။ မူဂျီဘာ အဖမ်းခံရသည်။  ပြည်တွင်းစစ်ဖြစ် လာခဲ့ရသည်။ ဘင်္ဂါလီ ဆယ်သန်း သည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးကြ ရသည်။
          အရှေ့ပါကစ္စတန် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ပါကစ္စတန် စစ်တပ်  သည် အင်အား အလွန်အကျွံ သုံးစွဲ ခဲ့သဖြင့် လူများစွာ သေဆုံးခဲ့ရသည်။ လူမျိုးတုံး သတ်ဖြတ်မှုအသွင်ဆောင် ခဲ့သည်။ လွတ်လပ်သော အကဲဖြတ် သူတို့က လူဦးရေသုံးသိန်းမှ ငါးသိန်း အထိသေဆုံးခဲ့ရမည်ဟု ခန့်မှန်းသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက သုံးသန်းဟု ဆိုသည်။ ဤကာလတွင် Anthony Mascarehas ၏ဆောင်းပါးသည် စစ် တပ်၏ရက်စက်ကြမ်းကြုတ်မှုများကို ပထမဆုံးအကြိမ် ဖွင့်ချဖော်ထုတ် လိုက်ခြင်းဖြစ်သည်။
          ဆောင်းပါးရှင် အင်သိုနီမတ်ကာ ရင်ဟတ်စ် -Anthony Mascarenhas ကို ဂိုအာနယ်တွင် ၁၉၂၈ ခု၊ ဇူလိုင်လ ၌မွေးဖွားခဲ့သည်။ သူသည် ကရာချိ တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၁ ခု၊ မတ်လ အရှေ့ပါကစ္စတန် စစ်ပွဲဖြစ် ချိန်တွင် မတ်သည် အောင်မြင်သော သတင်းထောက်ဖြစ်နေပြီ။ အုပ်ချုပ် သူများနှင့်  ရင်းနှီးကျွမ်းဝင်နေပြီဖြစ် သည်။ သူသည် ဗွန်နီနှင့် လက် ဆက်ပြီး ကလေးငါးယောက်ရှိသည်။
          မတ်၏ မိခင်က မတ်အား အမှန်တရားအတွက် ခိုင်ခိုင်မာမာ ရပ် တည်ရန်၊ အမှန်ကိုသာပြောရန် သွန် သင်ဆုံးမခဲ့သည်။ မတ်က ''အမှန် တရားအတွက်ဆိုရင် သူ့ရှေ့မှာ တောင်ကြီးတစ်လုံးရှိနေပါစေ နောက် မတွန့်ဘဲ တက်မှာပဲလို့ ပြောလေ့ရှိ တယ်'' ဟု ဗွန်နီက ပြောပြခဲ့သည်။
          ရွေးကောက်ပွဲတွင် အရှေ့ ပါကစ္စတန်၏ အဝါမီလိဂ်ပါတီ အနိုင်ရရှိကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးကို ဦးတည်လုပ်ဆောင်သော အခါ အစိုးရဖွဲ့စည်းရေးတွင် နိုင်ငံ ရေးပါတီနှင့် စစ်တပ်အကြား သဘောထားများ ကွဲလာခဲ့သည်။ အရှေ့ပါကစ္စတန်မှ ဘင်္ဂါလီတို့က အနောက်ပါကစ္စတန်သည် သူတို့၏ ပန်းတိုင်ကို အကြီးအကျယ် ဟန့် တားနေသည်ဟုယူဆကာ အခြေ အနေများ တင်းမာလာသည်။ အဝါ မီလိဂ်ပါတီဝင်တို့သည် အမိန့်များကို ဖီဆန်ကာ ဘင်္ဂါလီ မဟုတ်သူများကို တိုက်ခိုက်လာကြသည်။ စစ်တပ် သည် အင်အားဖြင့်ဝင်ရောက်၍ ပဋိပက္ခတို့ကို ဖြိုခွဲသည်။
          မတ်လ ၂၅ ရက်နေ့တွင် ပါကစ္စတန် စစ်တပ်သည် အဝါမီလိဂ် ပါတီ၊ အခြားအတိုက်အခံအဖွဲ့များ၊ သတင်းထောက်လှမ်းသူများနှင့် ဟိန္ဒူ တို့အား ရုတ်တရက် ဝင်ရောက်တိုက် ခိုက်သည်။ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများတွင် ဒါကာ တက္ကသိုလ်အား ဝင်ရောက်စီးနင်း မှုသည် အထင်ရှားဆုံးနှင့် အဆိုးရွား ဆုံးဖြစ်ခဲ့သည်။ ကျောင်းသားများ သာမက ပါမောက္ခများကိုပင် ဖမ်း ဆီးခဲ့သည်။ ကျေးရွာများကိုလည်း သူပုန်များဟု စွပ်စွဲကာ ဝင်ရောက် တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။
          ပါကစ္စတန် စစ်တပ်သည် ဝါဒ ဖြန့်ရန်အတွက် မီဒီယာကို အသုံးချ ရန်ကြံစည်သည်။ အဝါမီလိဂ်ထောက် ခံသူတို့သည် သူတို့အပေါ် သစ္စာ ဖောက်သူတို့ကို သုတ်သင်ခဲ့ကြသည် ဟု စစ်တပ်က ယုံကြည်နေသည်။ ဘင်္ဂလားဒေ့ရှ်တို့ကမူ ယနေ့တိုင်ငြင်း ဆိုဆဲဖြစ်သည်။ စစ်တပ်သည် မတ် အပါအဝင် သတင်းထောက်ရှစ်ဦး အား အရှေ့ပါကစ္စတန်ရှိ အခင်း ဖြစ်ဒေသများကို ဆယ်ရက်ကြာ လှည့်လည်ပြသသည်။ မိမိတို့အလိုကျ သူတို့၏ လုပ်ရပ်တို့ကို ဖုံးဖိကာ အဝါမီလိဂ်တို့ ဆိုးသွမ်းသည်ဟု သတင်းရေးစေသည်။ ထိုအချိန်က ပါကစ္စတန်တွင် ဒီမိုကရေစီ ဆိတ် သုဉ်းနေကာ မီဒီယာကို စစ်တပ်က ချုပ်ကိုင်ထားသည်။ စစ်တပ်ကို ထောက်ခံသောစာများသာ ရေးသား ထုတ်ဝေကြရသည်။ အခြား သတင်း ထောက် ခုနစ်ဦးသည် စစ်တပ်အလို ကျ သတင်းဆောင်းပါးများကို ရေး ပေးကြသည်။ သို့သော်မတ်က သာ သာထိုးထိုး ဖုံးဖုံးဖိဖိ ရေးပေးရန်ငြင်း ဆိုခဲ့သည်။ သူသည် ဖြစ်ရပ်အမှန် အတိုင်းသာ ရေးသားလိုသည်။ ပြည် သူကို သိစေလိုသည်။
          မတ်သည် ဤခရီးမှ ပြန် အရောက်တွင် များစွာ စိတ်ထိခိုက်  ပင်ပန်းခဲ့ရသည်။ မတ်ဤမျှ စိတ် ဓာတ်ကျသည်ကို ယခင်က မတွေ့ ဖူးပါဟု ဇနီးသည် ဗွန်နီ- Yvonne Mascarenhas က ပြန်ပြောပြသည်။ သူသည် စစ်တပ်အလိုကျဖုံးဖိ၍ ရေး မပေးနိုင်၊ ဖြစ်ရပ်မှန်အတိုင်းသာ ပြည်သူနှင့်ကမ္ဘာကို သိစေလိုသည်။ ပါကစ္စတန်နိုင်ငံအတွင်းတွင် ဖြစ်ရပ် အမှန်ရေးသားပါက သတင်းစာအား လုံးကို စစ်တပ်က စိစစ်ဖြတ်တောက် နေရာ မည်သို့မျှ ပုံနှိပ်ဖော်ပြနိုင်မည် မဟုတ်ပေ။ စာရေးသူလည်း သေ နတ်ဖြင့် ပစ်သတ်ခံရမည်သာမက အပြစ်မရှိသူ မိသားစုပါ အသက် အန္တရာယ်ရှိလာမည်ဖြစ်သည်။ စစ် တပ်အလိုကျလည်း ရေးမပေးနိုင်၊ အမှန်အတိုင်းလည်း ရေး၍မရသဖြင့် မတ်သည် များစွာစိတ်ဆင်းရဲကျပ် တည်းခဲ့ရသည်။ ငါ ဒီဖြစ်ရပ်ကို မရေးရလျှင် နောက်ထပ် ဘာမှရေး နိုင်မှာမဟုတ်ဘူးဟု သူကပြောခဲ့သည်။
          မတ်သည် ဆုံးဖြတ်ချက်ချ လိုက်သည်။ သူသည် မကျန်းမာသူ ညီမထံသွားရောက်ရန် အကြောင်းပြ ကာ လန်ဒန်သို့ ထွက်ခွာခဲ့သည်။ လန်ဒန်ရောက်ရောက်ချင်း Sunday Times သတင်းစာတိုက်သို့သွား သည်။ အယ်ဒီတာ ဟာရိုးအီးဗင်း သည် မတ်ရောက်လာသည်ကို သတိ ရနေသည်။ နှုတ်ခမ်းမွေးကောင်း ကောင်းနှင့် လေးထောင့်ကျကျ သူ့ မျက်နှာတွင် ခံစားချက်ပြင်းပြနေ သည်။ ဝမ်းနည်းညှိုးငယ်သည့်အသွင် ကိုဆောင်နေသည်။
          အီဗင်းသည်ဘင်္ဂါလီတို့၏ ပုန် ကန်မှုကို အံ့သြခဲ့ရသည်။ သို့သော် သေနတ်ကို တရားဝင် ကိုင်ဆောင် ခွင့်ရရှိထားသော လူသတ်ခွင့်လိုင်စင်  ရရှိထားသလို ဖြစ်နေသော စစ်တပ် သည် ရက်စက်ကြမ်းကြုတ် အနိုင်  ကျင့် ဖမ်းဆီးသတ်ဖြတ်မှုများကို အင်နှင့်အားနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် အခွင့်သာမြဲဖြစ်ပေရာ စစ် တပ်၏ နှိမ်နင်းမှုတို့က ပို၍ရက် စက်ကြမ်းကြုတ်လွန်းလှသည်။ ပို၍ နက်ရှိုင်းကျယ်ပြန့်လှသည်။
          မတ်သည် စစ်တပ်၏ စနစ်ကျ  ၍ ကြီးမားသော သတ်ဖြတ်ပွဲများကို  ကိုယ်တိုင်မြင်ခဲ့ရကြောင်း၊ စစ်ဗိုလ် များသည် လူသတ်ပွဲများကို တော်လှန် ရေးအတွက် အပြီးသတ်ဖြေရှင်းချက် ဟု စွဲယူကာ သတ်ဖြတ်နေကြ ကြောင်း ပြောပြခဲ့သည်။ အီးဗင်းက  ဤသတင်းကို သတင်းစာတွင် ဖော် ပြရန် သဘောတူခဲ့သည်။ သို့သော် ဗွန်နီတို့ မိသားစုကို ရှေးဦးစွာ ကရာချိ မှ ခေါ်ထုတ်ရမည်။
          မတ်သည် တပ်မတော်အရာရှိ များနှင့် ကျွမ်းဝင်ရင်းနှီးခင်မင်သူဖြစ် ပြီး ယုံကြည်စွာဖြင့် တပ်အတွင်းဝင် ထွက်သွားလာနေသူ၊ တပ်မတော် သားများနှင့် အချိန်များစွာ ကုန်လွန် ခဲ့သူဖြစ်ရာ စစ်တပ်၏လုပ်ရပ်များကို အတွင်းကျကျသိရှိခဲ့သဖြင့် သူ့ဆောင်း ပါးသည် တိကျမှန်ကန်လှသည်။
          အားရှိလှသည်။ စစ်တပ်ဟာ သူပုန် တွေကို ရှင်းလင်းအပြီးမှာ ရွာလုံး ကျွတ် မီးရှို့သတ်ဖြတ်တာတွေ၊ အစွဲ အလမ်းနဲ့ လူမျိုးရေးအရ မျိုးဖြုတ် သတ်ဖြတ်တာတွေကို တပ်အပ်မြင်ခဲ့ ရတယ်။ အရာရှိစားသောက်ခန်းမှာ ရဲရင့်ပြီး ဂုဏ်ယူစရာကောင်းတဲ့ ဗိုလ် ကြီး၊ ဗိုလ်မှူးတွေဟာ တစ်နေ့တာ အတွင်း သူတို့သတ်နိုင်ခဲ့တာတွေကို ဂုဏ်ယူပြီး မြိန်ရေရှက်ရေပြောနေကြ တယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်သတ်နိုင်ခဲ့တယ်ဆိုတာ ပြိုင်နေကြတယ်ဟု မတ်ကရေးသား ခဲ့သည်။
          ပါကစ္စတန်စစ်တပ်အတွက်မူ မက်ကာရင်ဟတ်စ်သည် သစ္စာဖောက် ဖြစ်သည်။ သူ့အား လိမ်ညာသူ ပြည်ပသစ္စာခံသူလျှိုဟု စွပ်စွဲခဲ့သည်။ ဆောင်းပါပါအချက်များကို မမှန်ကန်၊ အိန္ဒိယ၏ ဝါဒဖြန့်မှုအစီအစဉ်သာ ဖြစ်သည်ဟု ချေပခဲ့သည်။ မတ်သည် ပါကစ္စတန်တွင် မိတ်ဆွေများစွာကျန် ခဲ့သည်။ သူသည် ၁၉၇၉ ခုတွင် ပါကစ္စတန်၏ အနုမြူလက်နက်များ ထုတ်လုပ်နေမှုကို ပထမဆုံးထုတ် ဖော်ရေးသားနိုင်ခဲ့သည်။     
          မတ်၏မိသားစုသည် လန်ဒန်တွင် အခြေချနေထိုင်ခဲ့ရသည်။''လန်ဒန်  မှာ လူတွေဟာ အမြဲအလုပ်များနေ၊ အရေးကြီးနေကြတယ်။ ကျွန်မတို့ ကို စကားပြောဖို့ အချိန်တောင် မရှိ ကြပါဘူး။ ကျွန်မတို့က ပါကစ္စတန် မှာ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော နေခဲ့ကြရတာ။ ကျွန်မတို့အတွက် တကယ့်အပြောင်းအလဲပါပဲ။ ဒါပေ မယ့် ကျွန်မတို့ ဘယ်တော့မှ နောင် တမရပါဘူး''ဟု ဗွန်နီက ပြောခဲ့ သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ထွန်းလာခြင်း
          အရှေ့ပါကစ္စတန်က လူဦးရေ များသော်လည်း ပါကစ္စတန်၏ ၁၉၅၆ ခုဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရှေ့နှင့်အနောက် ပါကစ္စတန်တို့ အား အမတ်နေရာညီတူညီမျှခွဲဝေပေး ခဲ့သည်။
          ၁၉၅၈ ခုတွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ အစိုးရအရာရှိ များကို အရှေ့နှင့်အနောက်မှ အညီ အမျှ ခန့်ထားရန် မူချမှတ်ထားသော် လည်း ၁၉၆ဝ တွင် အရှေ့မှ ဘင်္ဂါလီ တို့မှာ သုံးပုံတစ်ပုံသာရှိသည်။ စစ် တပ်သည်လည်း အနောက်တွင်အခြေ စိုက်ထားရာ အနောက်ဘင်္ဂါလီတို့ သာ လွှမ်းမိုးနေသည်။ စီးပွားရေးတွင် လည်း အနောက်တွင်သာ တိုးတက် ဖွံ့ဖြိုးနေသည်။ အရှေ့ဘင်္ဂါလီတို့၏ မကျေနပ်ချက်သည် ကြီးမားတိုးပွား လာသည်။ အဝါမီလိဂ်ပါတီကို ထူ ထောင်ခဲ့သူ မူဂျီဘာရာမန်ခေါ် မူဂျစ် သည် လူကြိုက်များ ထင်ရှားလာ သည်။ မူဂျစ်သည် အရှေ့ပါကစ္စတန် သီးခြား လွတ်လပ်ရေးကို ဖော်ကြူး သော သမိုင်းတွင်မည့် မူခြောက်ချက် တောင်း ဆိုချက်ကိုထုတ်ပြန်ခဲ့သည်။
          စစ်တပ်သည် အမတ်ဦးရေကို လူဦးရေနှင့် အချိုးကျသတ်မှတ်ပေး ခဲ့သည်။ ၁၉၇ဝ ခုရွေးကောက်ပွဲတွင် မူဂျစ်၏ပါတီသည် မဲဆန္ဒနယ်မြေ ၁၆၉ ခုတွင် ၁၆၇ နေရာအနိုင်ရရှိ ကာ အမတ် ၃၁၃ ဦးရှိသော လွှတ် တော်တွင် အမတ်နေရာအများဆုံးရရှိ ခဲ့သည်။ ၁၉၇၁ မတ်လတွင် ဗိုလ် ချုပ်ယာယာခန်သည် မူဂျစ်နှင့် ဆွေး နွေးခဲ့သည်။ သို့သော် တစ်ချိန်တည်း မှာပင် အရှေ့ပါကစ္စတန်သို့ တပ်ဖွဲ့ အများအပြားစေလွှတ်ကာ ၂၅ ရက် နေ့တွင် ဘင်္ဂါလားပြည်သူများ အထူး သဖြင့် ကျောင်းသားများကို နှိမ်နင်း ဖြိုခွဲခဲ့သည်။ အဝါမီလိဂ် ပါတီဝင် အများအပြားသည် ကာလကတ္တားသို့ ထွက်ပြေးကာ အရှေ့ပါကစ္စတန်အား အဝေးမှလွတ်လပ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအဖြစ်ကြေညာခဲ့သည်။  စစ်တပ် အတွင်းမှ ဘင်္ဂါလီတို့သည်လည်း ပုန် ကန်တော်လှန်ခဲ့ကြသည်။ သူတို့သည် ပထမတွင် စစ်တကောင်းကိုသိမ်းယူ ခဲ့ကြပြီး နောက်ပိုင်းတွင် ပြောက်ကျား အသွင်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ တော်လှန်ရေးတိုက်ပွဲတွင် ကျောင်း သားများလည်းပါဝင်ခဲ့ကြသည်။
          အရှေ့ပါကစ္စတန်မှ ဟိန္ဒူအများ စုဖြစ်သော ဘင်္ဂါလီဆယ်သန်းခန့် သည် အိန္ဒိယနိုင်ငံအတွင်းသို့ ထွက် ပြေးကြသည်။ အိန္ဒိယသည် အခြေ အနေကိုစောင့်ကြည့်နေသည်။ အမေ ရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့က စုစည်းသော ပါကစ္စတန်ဖြစ် စေလိုသည်။ ရုရှားနှင့် အိန္ဒိယတို့က လွတ်လပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ် လာစေလိုသည်။
          ၁၃-၆-၁၉၇၁ ရက်နေ့တွင် မတ်၏ဆောင်းပါးထွက်ပေါ်လာသည်။ မတ်၏သတင်းဆောင်းပါးသည် ပါကစ္စတန်၏စစ်ပွဲပြီးဆုံးစေရန် တွန်း အားဖြစ်လာခဲ့သည်။ တစ်ကမ္ဘာလုံး အား ဘင်္ဂလားဒေ့ရှ်အပေါ် အာရုံ ရောက်စေခဲ့သည်။ ပါကစ္စတန်၏ စစ် ပွဲပြီးဆုံးစေရန် တွန်းအားဖြစ်လာခဲ့ သည်။ တစ်ကမ္ဘာလုံးအား ဘင်္ဂလား ဒေ့ရှ်အပေါ် အာရုံရောက်စေခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် အင်ဒီယာဂန္ဒီက Sunday Times သတင်းစာ အယ်ဒီ တာ ဟာရိုးအီဗင်းအား မတ်၏ဆောင်း ပါးသည် သူမအားပြင်းစွာ အံ့သြတုန် လှုပ်စေခဲ့ကြောင်း။ ထိုဆောင်းပါး ကြောင့်ပင် ဥရောပနှင့် မော်စကိုတွင် အိန္ဒိယအနေဖြင့် အင်အားဖြင့်ဝင် ရောက်ဖြေရှင်းရန် ပုဂ္ဂလိကသဘော ထားများရရှိခဲ့ကြောင်း ပြောပြခဲ့သည်။
          ၃-၁၂-၁၉၇၁ ရက်နေ့တွင် အိန္ဒိယသည် အရှေ့နှင့်အနောက်နှစ် ဘက်လုံးသို့ဝင်ရောက်တိုက်ခိုက်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပါကစ္စ တန်စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်၏ လွတ်လပ်ရေးကို အာမခံကာ လက် နက်ချသည်။ ဒါကာတွင် ယာယာ ခန်းပြုတ်ချကာ ဘူတိုနိုင်ငံအာဏာရရှိ လာသည်။ လွတ်မြောက်လာသော မူဂျစ်ကို ဒါကာတွင် သူရဲကောင်း အဖြစ် ကြိုဆိုခဲ့ကြသည်။
          ၁၆-၁-၁၉၇၁ ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ မူဂျစ်သည် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံးဝန်ကြီး ချုပ်ဖြစ်လာခဲ့သည်။
          ဘင်္ဂလားဒေ့ရှ်တွင်မူ မတ်အား လေးစားချစ်ခင်စွာဖြင့် သူ့ဆောင်းပါး ကို နိုင်ငံ၏လွတ်လပ်ရေးသမိုင်းပြ တိုက်တွင် ခမ်းနားစွာပြသထားသည်။ ပြတိုက်အရာရှိ မိုဖီဒူဟပ်က ''ဒီ ဆောင်းပါးမှာ စစ်ပွဲတွေအကြောင်း ကို အပြည့်စုံ အထိရောက်ဆုံး ရေး သားထားတယ်။ ကျုပ်တို့နိုင်ငံ အထီးကျန်နေချိန်၊ ပြည်ပနိုင်ငံတွေ က အကူအညီတွေ လိုအပ်နေချိန်မှာ အချိန်ကိုက်ထွက်ပေါ်လာတယ်''  ဟု ပြောပြခဲ့သည်။ သို့သော် မတ် မိသားစုသည် မိမိနိုင်ငံမဟုတ်သော ပို၍ချမ်းအေးသော နေရာသစ် လန် ဒန်တွင် အခြေစိုက်နေထိုင်ခဲ့ရပေ သည်။
ဖိုးဆွေ(သစ်လုပ်ငန်း)

No comments:

Post a Comment