HOME

Friday, March 16, 2012

အစ္စရေး လေကြောင်းတိုက်ခိုက်မှု ......!

အစ္စရေး လေကြောင်းတိုက်ခိုက်မှု ဂါဇာတွင် ၁၈ဦး သေဆုံး

(အေအက်ဖ်ပီ)
သဲသဲထွေး ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)

ဒဏ်ရာရရှိခဲ့သော ပါလက်စတိုင်းလူငယ်ကလေးများကို ဆေးရုံတွင် ကုသပေးနေစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဂါဇာစီးတီး - ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မတ်လ ၁၁ ရက်နေ့ နေ့လယ်အထိ သေဆုံးသူ ၁၈ ဦးနှင့် ဒဏ်ရာရသူ ၃၀ ရှိနေပြီဖြစ်ကာ အစ္စရေး လူမျိုးလေးဦး ဒဏ်ရာရရှိထားကြောင်း ပါလက်စတိုင်း ဆရာဝန်များအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
စစ်သွေးကြွများသည် အစ္စရေးနိုင်ငံ အတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ သည့်အတွက် တနင်္ဂနွေနေ့ နံနက်တွင် ဂါဇာဒေသသို့ အစ္စရေးက လေကြောင်း မှ လေးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ပါလက် စတိုင်းလူမျိုးသုံးဦး ထပ်မံ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၈ ဦး ရှိသွားပြီဖြစ်သည်။
သေဆုံးသူ ပါလက်စတိုင်းလူမျိုး သုံးဦး တွင် ကျောင်းသားအရွယ် ယောက်ျားလေး တစ်ဦးနှင့် အသက် ၆၀ အရွယ် အရပ်သား တစ်ဦး ပါဝင်ကြောင်းသိရသည်။
မတ်လ ၉ ရက်တွင် အစ္စရေးလေယာဉ် တစ်စင်း၏ ပစ်ခတ်မှုကြောင့် ပြည်သူ့ခုခံ တွန်းလှန်ရေးကော်မတီ (ပီအာရ်စီ) အဖွဲ့ ခေါင်းဆောင် ဇိုဟဲယား အယ်လ်ကွေစီ သေဆုံးခဲ့သည်။
၎င်းပစ်သတ်ခံရသည့် နေရာကို အစ္စရေးတို့ ဒုံးကျည်လက်နက် ၁၀၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး ဂါဇာ ဒေသခံ ၁၅ ယောက်သေဆုံးခဲ့ရသည်။
မတ်လ ၉ ရက်နေ့မနက် စောစော ပိုင်းတွင် ပါလက်စတိုင်းတို့က အစ္စရေး နိုင်ငံတောင်ပိုင်းသို့ ဒါဇင်နှင့်ချီသည့် ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်ခဲ့သော ကြောင့် အစ္စရေးတို့က လေကြောင်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ စိုးရိမ် ရသည့် အခြေအနေဖြစ်ကြောင်း အစ္စ ရေးစစ်တပ်က ပြောသည်။
ပီအာရ်စီ အဖွဲ့ခေါင်းဆောင် ကွေစီ သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် အီဂျစ် နိုင်ငံ ဆိုင်းနိုင်းမှ အစ္စရေးတောင်ပိုင်း သို့ သေစေ လောက်သည့် နယ်စပ်ဖြတ် ကျော် တိုက်ခိုက်မှုတစ်ခုကို ဦးဆောင် စီစဉ်ညွှန်ကြားသည့် ခေါင်းဆောင်များ တွင် တစ်ယောက်အပါ အ၀င် ဖြစ်သည် ဟု ၎င်းတို့ကဆိုသည်။
ဂါဇာကမ်းမြောင်ဒေသသည် လွန်ခဲ့ သည့် သုံးနှစ်ကျော်ကတည်းက ၂၄ နာရီပတ်လုံး အချိန်မရွေး သေဆုံးမှုများ ဖြစ်ပွားနိုင်သည့် နေရာဖြစ်သည်။
အစ္စရေးတို့က ၎င်းတို့၏ တိုက်ခိုက် မှုသည် နိုင်ငံတောင်ပိုင်းရှိ ဒုံးကျည်ဖြင့် ပစ်ခတ်မှုများကို အဆုံးသတ်ရန် ရည်ရွယ် သည်ဟု ပြောကြားခဲ့ပြီး သောကြာနေ့ က တိုက်ခိုက်မှုသည် ဆိုင်းနိုင်း ကျွန်းဆွယ် မှတစ်ဆင့် တိုက်ခိုက်ရန် စီစဉ်သူ ခေါင်းဆောင်တစ်ဦးကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟုဆိုသည်။
သောကြာနေ့က စတင်သည့် စစ်သွေး ကြွများ၏ ပစ်ခတ်မှုတွင် ကက်ဆန် (Qassams) ဒုံးလက်နက် ၆၈ ခုနှင့် အဝေးပစ် ဂရက် (Grad) ဒုံးကျည် ၄၄ ခု အပါအ၀င် ဒုံးကျည်လက်နက်ပေါင်း ၂၄၀ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ခန့်မှန်းထားသည်။
ကက်ဆန် ဒုံးလက်နက်သည် ၁၅ ကီလိုမီတာ (ကိုးမိုင်) အကွာအဝေးထိ ပစ်နိုင်ပြီး ဂရက် ဒုံးကျည်သည် ကီလိုမီတာ ၄၀ (၂၄ မိုင်) အထိပစ်နိုင်ကြောင်း သိရသည်။
ဂါဇာဒေသ၌ သေဆုံးသူများတွင် ၁၀ ဦးမှာ အစ္စလာမ်အစွန်းရောက် ဂျီဟတ် အဖွဲ့မှ စစ်သွေးကြွများဖြစ်ပြီး ကျန်ငါးဦး မှာ ပီအာရ်စီ အဖွဲ့ခေါင်းဆောင် ဇိုဟဲယား အယ်လ်ကွေစီ အပါအ၀င် ၎င်းတပ်ဖွဲ့ဝင် များဖြစ်သည်။

No comments:

Post a Comment