HOME

Tuesday, April 25, 2023

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု

 


အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူ့ ၁၂ နှစ်တာ ရယူခဲ့တဲ့ ရာထူးတာဝန်က ဖယ်ရှားနိုင်မယ့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုက်တဲ့ ကိစ္စကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

မစ္စတာ နေတန်ယာဟုက ပါလီမန်ထဲက လက်ယာစွန်း သမားတွေကိုလည်းအဲဒီ ညွန့်ပေါင်းအစိုးရ တက်မလာအောင် ပိတ်ဆို့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ အနှောင်းပိုင်းက အတိုက်အခံ ပါတီ ၈ ခုက ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ဖို့အတွက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အစ္စရေးရဲ့ နိုင်ငံရေး လောကက ပါတီစုံတွေ ပါတဲ့ အဖွဲ့ဟာ အစ္စရေး ပါလီမန်အတွင်းမှာ ထောက်ခံမှုတွေ ရဖို့ လိုနေပါတယ်။

အစ္စရေး ပါလီမန် Knesset အတွင်း မဲခွဲ ဆုံးဖြတ်ကြမယ့် ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် လာမယ့် သီတင်းပတ် နောက်ဆုံးထားပြီး မဲခွဲမယ်လို့ ခန့်မှန်းနေကြပါတယ်။

နောက်ပြီး ညွန့်ပေါင်းအစိုးရထဲကနေ ခွဲထွက်တာတွေလည်း ရှိလာနိုင်သေးတယ်လို့ ဆိုကြပါတယ်။ ညွန့်ပေါင်း အစိုးရဖွဲ့ စည်းပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး မှတ်ချက်ထဲမှာ မစ္စတာ နေတန်ယာဟုက ပါလီမန်အမတ်တွေကို လက်ယာဘက်က မဲတွေနဲ့ တက်လာသူတွေက အတိုက်အခံတွေကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သူ့ရဲ့ တွစ်တာပေါ်မှာ မစ္စတာ နေတန်ယာဟုက အတိုက်အခံဘက်ကို လက်ဝဲသမားတွေနဲ့ အန္တရာယ်ပေးနိုင်သူတွေလို့လည်း ဝေဖန်ထားပါတယ်။ အရင်ကလည်း ဒီအဆိုပြုထားတဲ့ အစိုးရသစ်ဟာ အစ္စရေးနိုင်ငံနဲ့ ပြည်သူတွေကို ဒုက္ခပေးမယ့် ဒီရာစုနှစ်ရဲ့ အကြီးမားဆုံး အလိမ်အညာတွေဆိုပြီး ပြောခဲ့ပါသေးတယ်။





ဓာတ်ပုံ ပုံစာ,

နေတန်ယာဟုကို ဆန့်ကျင်သူတွေ လမ်းပေါ်ထွက် အောင်ပွဲခံကြ

လေ့လာသူတွေကတော့ ပြီးခဲ့တဲ့ မတ်လ ရွေးကောက်ပွဲမှာ လီကွတ်ဒ်ပါတီက မဲအများဆုံး ရခဲ့ပေမယ့် ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ မစ္စတာ နေတန်ယာဟုဟာ အတိုက်အခံတွေဘက်က လုံလောက်တဲ့ ထောက်ခံမှုမျိုး မရဖို့ လိုက်တားဆီးလိမ့်မယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့မယ့် သတင်းတွေ ထွက်လာခဲ့ပါတယ်။ Yesh Atid ပါတီရဲ့ ခေါင်းဆောင် Yair Lapid က သမ္မတ Reuven Rivlin ကို ဖုန်းဆက်ပြီး သူတို့ သဘောတူညီချက် ရခဲ့ပြီ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

သူ အစ္စရေး နိုင်ငံသားတွေ အားလုံးကို အလုပ်အကျွေးပြုဖို့၊ အတိုက်အခံတွေကို လေးစားပြီး အစ္စရေး နိုင်ငံအနှံ့က လူမှု အသိုက်အမြုံတွေအကြား ညီညွတ်မှု ရဖို့ ချိတ်ဆက်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမယ့် အစိုးရကို ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် Mr Lapid ဟာ ဝန်ကြီးချုပ်အဖြစ် ချက်ချင်း တာဝန်ထမ်းဆောင်ခွင့်ရမှာ မဟုတ်ပါဘူး။ အလှည့်ကျ အစီအစဥ်တရပ်အရ လက်ယာ Yamina ပါတီရဲ့ ခေါင်းဆောင် Naftali Bennett က ဝန်ကြီးချုပ်အဖြစ် ကနဦး တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ၂၀၂၃ သြဂုတ်လ ရောက်မှသာ Mr Lapid ကို တာဝန်လွှဲအပ်ပေးမှာ ဖြစ်ပါတယ်။


ဓာတ်ပုံ ရင်းမြစ်,YESH ATID HANDOUT

ဓာတ်ပုံ ပုံစာ,

Yamina ပါတီရဲ့ ခေါင်းဆောင် Naftali Bennett (ဘယ်) နဲ့ Yesh Atid ပါတီခေါင်းဆောင် Yair Lapid တို့ကို သဘောတူညီမှုရအပြီးတွေ့ရစဥ်

အခု ညွန့်ပေါင်းအစိုးရမှာ အစ္စရေး နိုင်ငံရေး လောကက လူပေါင်းစုံ ပါပေမဲ့ မစ္စတာ နေတန်ယာဟုကို ဖယ်ရှားဖို့က လွဲရင် ကျန်တဲ့ အရေးကိစ္စတွေမှာ အမြင် တူညီမှုတွေလည်း သိပ်အများကြီးတော့ မရှိပါဘူး။ ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် Israeli Arab ပါတီလည်း ညွန်ပေါင်းအစိုးရထဲမှာ ပါလာမှာ ဖြစ်ပါတယ်။

အစ္စရေး မီဒီယာတွေမှာလည်း Mr Lapid၊ Mr Bennett နဲ့ Arab Islamist Raam ပါတီရဲ့ ခေါင်းဆောင် Mansour Abbas တို့ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူးလို့ ထင်ထားခဲ့ကြတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနေကြတဲ့ ပုံကို ဖော်ပြထားကြပါတယ်။

ညွန့်ပေါင်းအဖွဲ့မှာ ဒီ ၃ ပါတီအပြင် နောက်ထပ် ၅ ပါတီလည်းပါဝင်ပါတယ်။ Benny Gantz ဦးဆောင်တဲ့ ဗဟိုသမားတွေရဲ့ Kahol Lavan ပါတီ၊ Avigdor Lieberman ဦးဆောင်တဲ့ ဗဟိုလက်ယာယိမ်းနဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေရဲ့ Israel Beiteinu ပါတီ၊ Merav Michaeli ဦးဆောင်တဲ့ ဆိုရှယ် ဒီမိုကရက်တွေရဲ့ Labor ပါတီ၊ Gideon Sa'ar ဦးဆောင်တဲ့ ဗဟို လက်ယာနဲ့ လက်ယာသမားတွရဲ့ New Hope ပါတီ နဲ့ Nitzan Horowitz ဦးဆောင်တဲ့ လက်ဝဲနဲ့ ဆိုရှယ် ဒီမိုကရက်တွေ ရဲ့ Meretz ပါတီတို့ ဖြစ်ကြပါတယ်။

တကယ်လို့သာ ညွန့်ပေါင်းအစိုးရ အဖွဲ့ဟာ အမတ် ၁၂၀ ရှိတဲ့ အနက် လုံလောက်တဲ့ ထောက်ခံမှု အများစုကို မရခဲ့ရင် အချိန်အားဖြင့် ၂ နှစ်အတွင်း ပဉ္စမ အကြိမ်မြောက် ရွေးကောက်ပွဲ တခုကျင်းပသွားရဖွယ်ရှိပါတယ်။ အခု ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်ကြတဲ့ ၈ ပါတီဟာ အစိုးရ အဖြစ် ရပ်တည်နိုင်ဖို့ အမတ် ၆၁ နေရာရဲ့ ထောက်ခံမဲ ရရှိဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment