နှစ်နိုင်ငံဆက်ဆံရေးအား မြှင့်လိုက်သည်ဟု အစ္စရေး ဒု-နိုင်ငံခြားရေးဝန်ကြီးပြော
နိုင်ငံတော် နှင့် ဘာသာရေးကို ခွဲထားသင့်ဟုဆို
ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံသည် အစ္စရေးနိုင်ငံအတွက် အမှန်တကယ် မိတ်ဆွေနိုင်ငံဖြစ်ပြီး၊ သူ၏ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်၆ဝ ကျော်ကြာ သံတမန်ဆက်ဆံရေး တည်ရှိနေသည့် အစ္စရေး-မြန်မာဆက်ဆံရေးကို ထပ်မံအားအင်ဖြည့်လိုက်ခြင်း ဖြစ်သည်ဟု အစ္စရေး ဒုတိယနိုင်ငံခြားရေးဝန်ကြီးTzachi Hanegbiက မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သြဂုတ်၂၉ ရက်က မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၁၉၇၉ ခုနှစ် အစ္စရေးနိုင်ငံခြားရေး ဝန်ကြီး မိုရှေဒါယန်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်အပြီး၊ ပထမဆုံးအကြိမ် အစ္စရေးအဆင့်မြင့် အရာရှိ တစ်ဦး မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည့် သုံးရက်ကြာ ခရီးစဉ်အတွင်း ဒု-နိုင်ငံခြားရေး ဝန်ကြီး Tzachi Hanegbi ခေါင်းဆောင်သော အစ္စရေးတာဝန်ရှိသူများသည် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊ ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူ၊ ပြည်သူ့လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး တို့အား တွေ့ဆုံခဲ့သည့်အပြင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။