HOME

Monday, July 21, 2014

အစ္စရေးတပ် မြေပြင်နှင့် ဝေဟင်တပ်တို့ ဂါဇာကမ်းမြောင်ဒေသထိုးစစ် အရှိန်မြှင့်...!

အစ္စရေးတပ် မြေပြင်နှင့် ဝေဟင်တပ်တို့ ဂါဇာကမ်းမြောင်ဒေသထိုးစစ် အရှိန်မြှင့်..

Gaza


အစ္စရေးတပ် မြေပြင်နဲ့ ဝေဟင်တပ်တွေဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ
ဂါဇာကမ်းမြောင်ဒေသမှာ ထိုးစစ်တွေကို ဆက်ပြီး အရှိန်မြှင့်နေပါတယ်။
ဂါဇာနဲ့ အစ္စရေးနယ်စပ်မှာ သံချပ်ကာ ကားတွေကို ချီတက်နေတာ တွေ့ရသလို ရဟတ်ယာဉ်တွေပေါ်ကနေ ဒုံးကျည်တွေ ပစ်ခတ်တာတွေလည်း တွေ့ရပါတယ်။

အစ္စရေး စစ်ရဟတ်ယာဉ်တစင်းက ပစ်တဲ့ ဒုံးကျည်က ဟာမက်အဖွဲ့ အကြီးတန်း ခေါင်းဆောင် ခါလီ အယ်ဟေယာရဲ့အိမ်ကို ထိမှန်ခဲ့ပြီး ဟာမက်ခေါင်းဆောင်ရဲ့သား၊ ချွေးမနဲ့ ကလေး ၂ ယောက် သေဆုံးသွားတယ်လို့ ဆေးရုံ အရာရှိတွေက ပြောပါတယ်။
ပါလက်စတိုင်း ဒေသထဲကို နောက်ထပ် စစ်ကူတွေ ထပ်ပို့ထားတယ်လို့ အစ္စရေး စစ်တပ်က ဇူလိုင်လ ၂၀ ရက်နေ့မှာ ကြေညာပါတယ်။
ဂါဇာဒေသထဲက လျှို့ဝှက်ဥမင်ကွန်ရက်တွေနဲ့ ဟာမက်အဖွဲ့ရဲ့ လက်နက်တိုက်တွေကို အပြတ်ရှင်းမယ်လို့ အစ္စရေး စစ်တပ်က ပြောထားပါတယ်။
ပဋိပက္ခဟာ ၁၃ ရက်မြောက် ဖြစ်လာပြီး ပါလက်စတိုင်း ၃၄၅ ယောက် သေဆုံးသွားပြီလို့ ဂါဇာ အရာရှိတွေက ပြောပါတယ်။ အများစုက အရပ်သားတွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။
အစ္စရေးဘက်ကတော့ ဇူလိုင်လ ၂၀ ရက်နေ့ အစောပိုင်းအထိ တပ်သား ၅ ယောက် ကျဆုံးပြီး အရပ်သား ၂ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်းမှာ အီဂျစ်၊ ကာတာ၊ ပြင်သစ်၊ ကုလသမဂ္ဂတို့က အစ္စရေးနဲ့ပါလက်စတိုင်းတို့ အပစ်ရပ်ကြဖို့ ကြားဝင် ကြိုးစားနေပေမယ့် မအောင်မြင်သေးပါဘူး။
ဇူလိုင်လ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ကာတာမှာ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။
ဘန်ကီမွန်းရဲ့ ဒီတပတ် အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ကူဝိတ်၊ အီဂျစ်၊ အစ္စရေး၊ ပါလက်စတိုင်းနယ်မြေနဲ့ ဂျော်ဒန်ကို သွားရောက်မယ်လို့ ကုလသမဂ္ဂ သတင်းထုတ်ပြန်ထား ပါတယ်။

No comments:

Post a Comment