HOME

Thursday, September 20, 2012

ဆယ်ကျော်သက် လူငယ်တစ်ဦးမိမိကိုယ်ကိုယ် မီးတင်ရှို့.......!

ဂါဇာတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မီးရှို့ဆန္ဒြုပသူ သေဆုံး
ဂါဇာ ဒေသတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် အလုပ်အကိုင် ရှားပါးမှု အတွက် မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြရင်း သေဆုံးသွားကြောင်း သိရသည်။ အသက် (၁၇) နှစ်အရွယ်ရှိ ဂါဇာဖွားလူငယ်သည် မီးရှို့ခံပြီး (၄) ရက်မြောက်တွင် သေဆုံးသွားကြောင်း ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မိသားစု၏ အဆိုကို ကိုးကားပြီး သတင်းများက ဖော်ပြခဲ့သည်။
ဂါဇာဒေသမှ မြို့တစ်မြို့ဖြစ်သည့် ရှာတီမှ ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်ရသော အီဟက်ဘ် အဘူအယ်လ်နာဒါသည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က အယ်လ်ရှီဖာ ဆေးရုံတွင် မိမိကိုယ်ကိုယ် မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် အယ်လ်နာဒါသည် ပြင်းပြင်းထန်ထန် ဒဏ်ရာများ ရသွားခဲ့ကြောင်း ဖခင်ဖြစ်သူ ဆူဖီယန်က AFP သို့ ပြောကြားခဲ့သည်။
“သူ့ကိုယ်ပေါ်ကို ဓာတ်ဆီ (၂) လီတာ လောင်းချပြီး မီးရှို့ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက အလုပ်လက်မဲ့ဘဝကို စိတ်ကုန်နေပြီလေ” ဟု ဆူဖီယန်က ဆိုသည်။ ဆေးရုံမှ တာဝန်ရှိသူများက အယ်လ်နားဒါးအား အရေးပေါ် ကုသမှု ပေးခဲ့သော်လည်း မီးလောင်ဒဏ်ရာများက ဆိုးရွားပြင်းထန်လွန်းသဖြင့် လက်လျှော့ လိုက်ရခြင်းဖြစ်သည်ဟု ဝန်ခံခဲ့သည်။
အယ်လ်နာဒါသည် ပြီးခဲ့သည့်နှစ်က ကျောင်းထွက်ခဲ့ပြီးနောက် အလုပ်လိုက်ရှာကာ မိသားစုအတွက် စားဝတ်နေရေးကို ထောက်ပံ့ကူညီရန် ကြိုးစားခဲ့သော်လည်း အလုပ်ရှာဖွေရာတွင် ရုန်းကန်ကျပ်တည်း ခဲ့ရသည်။
“သူက အလုပ်လက်မဲ့ ဖြစ်နေတာကြောင့် အခုလိုမျိုး ကိုယ့်ဖာသာ မီးတင်ရှို့ခဲ့တာပါ။ သူက အိမ်ကိုပြန်ပြီး ထောက်ပံ့ပေးချင်တယ်။ ကျွန်တော်က ပြည်သူ့ကာကွယ်ရေး လုပ်သား တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော့်ဝင်ငွေက မိသားစုအတွက် မလောက်ငှဘူးလေ။ ကျွန်တော် က လူ (၈) ယောက်စာ ကျွေးမွေးနေရတာပါ။ ပြီးတော့ ဘဏ်မှာလည်း ငွေချေးထားရသေးတယ်။ ကျွန်တော့်ဝင်ငွေက တစ်လကို (၂၁၀၀) ရှက်ကဲလ် (၅၂၅) ဒေါ်လာဝန်းကျင်ပဲ ရှိပါတယ်။ အဲဒီထဲကမှ ရှက်တဲ ၇၀၀ ကို အိမ်ငှားခ ပေးရတယ်။ ၁၂၀၀ ကို အကြွေးဆပ်ရတယ်။ ကျန်တဲ့ တစ်လလုံးကို ရှက်ကဲလ် ၂၀၀ လောက်နဲ့ ဖြတ်သန်းရတာပါ။ ဘယ်လိုမှ မလောက်ဘူး” ဟုလည်း ဆူဖီယန်က ဖွင့်ဟခဲ့သည်။
ဂါဇာဒေသတွင် ဟားမတ်စ်ရဲများကလည်း တရားမဝင် လမ်းဘေးဈေးသည်များကို လိုက်လံဖမ်းဆီးလေ့ ရှိနေခြင်းကြောင့် ဒေသတွင်းရှိ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းရေးမှာ အလွန်ခက်ခဲလေ့ ရှိသည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အေမန်အယ်လ်ဘာတင်ဂျီကမူ ယခုကိစ္စကို မိမိတို့စုံစမ်းနေဆဲဟု ပြောကြားသွားသည်။

ကြယ်စင်(လားရှိုး)

No comments:

Post a Comment