HOME

Friday, October 19, 2012

တူရကီအစိုးရက ဆီးရီးယားနှင့် နယ်စပ်ဒေသသို့ တိုက်လေယာဉ်နှစ်စီး အလျင်အမြန် ပို့လွှတ်လိုက်ကြောင်း ...!

တူရကီက ဆီးရီးယားနှင့် နယ်စပ်သို့ တိုက် လေယာဉ်များ စေလွှတ်
ဆီးရီးယားနှင့် တူရကီနယ်စပ်တွင် ရှိသော နယ်စပ်မြို့ အက်မာရင်မြို့အား ဆီးရီးယား စစ်ဘက်ရဟတ်ယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် တူရကီအစိုးရက ဆီးရီးယားနှင့် နယ်စပ်ဒေသသို့ တိုက်လေယာဉ်နှစ်စီး အလျင်အမြန် ပို့လွှတ်လိုက်ကြောင်း ရိုက်တာ သတင်းဌာန မျက်မြင်သက်သေ တစ်ဦးက ပြောကြားသည်။
ယခုရက်သတ္တပတ်အတွင်း အက်မာရင်မြို့နှင့် အခြားအနီးအနား မြို့လေးများ၌ ဆီးရီးယားအစိုးရနှင့် သူပုန်များအကြား ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ အက်မာရင်မြို့နှင့် အနီးအနား တောင်ကုန်းများတွင် လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက်ကွဲရာမှ မီးခိုးလုံးများနှင့် ဖုန်သဲများ လွင့်တက်ခဲ့ပြီး လေကြောင်းမှ တိုက်ခိုက်မှု အကြောင်းကို ဆီးရီးယားစစ်ဘက်က လော်စပီကာဖြင့် သတိပေးခဲ့ပြီး လက်နက်ချရန် သတိပေးသံများကို တူရကီနိုင်ငံ ဟာတေးခရိုင် ဟာဆီပါဆာရွာဆီမှာပင် ကြားနေရကြောင်း သတင်းတွင်ဖော်ပြသည်။
ဆီးရီးယားနိုင်ငံတွင် ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများမှာ မိုင်ပေါင်း ၅၆၀ ရှည်လျားသော တူရကီနိုင်ငံနှင့် နယ်စပ်တစ်လျှောက်မှနေ၍ တူရကီနိုင်ငံတွင်းသို့ပင် ပျံ့နှံ့လာ၍ ယခင် ရက်သတ္တပတ်အတွင်း တူရကီစစ်ဘက်က တုန့်ပြန်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။ ယခင် သီတင်းပတ်အတွင်းက တူရကီနိုင်ငံအား ကျော်လွန်၍ တပ်ဖွဲ့များ ချထားရေးကို တူရကီပါလီမန်က ခွင့်ပြုခဲ့ရာ ဆီးရီးယား ပြည်တွင်းစစ်သည် ဒေသတွင်း အင်အားကြီးနိုင်ငံကိုပါ ပဋိပက္ခတွင်း ဆွဲသွင်းနိုင်သည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

No comments:

Post a Comment